၈-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

(AP Photo/Andre Penner)

ဘရာဇီး ။        ။ ဘရာဇီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ပီရူးအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ဘရာဇီးအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၁၅)မိနစ်မှာတင် တိုက်စစ်မှူး အဲဗာတန်က သွင်းယူခဲ့ပြီး ပွဲချိန် (၄၄)မိနစ်မှာတော့ ပီရူးအသင်းခေါင်းဆောင် ဂွာရဲရိုးက ပင်နယ်တီကနေ ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့တာပါ။ ဒါပေမယ့် အဲဒီဂိုးက မိနစ်ပိုင်းသာကြာပြီး ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ ဂျီးဆပ်က ဘရာဇီးအတွက် ဦးဆောင်ဂိုးတစ်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြန်ပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာလည်း ဘရာဇီးအသင်းက အသာစီးက ကစားနိုင်ခဲ့ပြီး မိနစ်(၇၀)မှာ ဂျီးဆပ်တစ်ယောက် အနီကတ်ထိသွားခဲ့လို့ တစ်ယောက်လျော့အနေအထားနဲ့ ကစားခဲ့ရတာပါ။ ဒါပေမယ့်လည်း နောက်ထပ်ဂိုးတစ်ဂိုးကိုတော့ ဘရာဇီးအသင်းကပဲ ရရှိခဲ့တာဖြစ်ပြီး ပွဲချိန်မိနစ်(၉၀)မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ရစ်ချာလီဆန် က  ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီလစ် ။ ။ အေဂျက်ဇ်နောက်ခံကစားသမား ဒီလစ်ရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ က သူ့ရဲ့ကစားသမားဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီလစ်အတွက် တစ်နှစ်လုပ်ခလစာ ယူရို(၁၂)သန်းအထိ ပေးချေသွားဖို့ သဘောတူညီခဲ့ပြီး ကစားသမားရဲ့ စာချုပ်လျော်ကြေးကို ပေါင်(၁၃၅)သန်းအထိ ထားရှိဖို့လည်း သဘောတူညီခဲ့တယ်လို့ ရွိုင်အိုလာ က ဆိုပါတယ်။

READ
၇-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Luis Vieira)

အဲဗက်စ် ။       ။ ဒီနှစ်ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ချန်ပီယံဆုဖလားဆွတ်ခူးခဲ့တဲ့ နောက်ခံလူ အဲဗက်စ်ဟာ ချန်ပီယံဆုဖလား(၄၀)အထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ အသက် (၃၆)နှစ်အရွယ် နောက်ခံလူဟာ ပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပြီး (၂၀၀၇)ခုနှစ်ကတည်းက ဘရာဇီးအသင်းနဲ့ဝေးကွာနေတဲ့ ကိုပါအမေရိက ချန်ပီယံဆုကို ပြန်လည်ရယူပေးနိုင်ခဲ့သူပါ။

(AP Photo/Silvia Izquierdo)

အက်သလက်တီကို ။     ။ အက်သလက်တီကိုအသင်းဟာ ဘရာဇီးကလပ် ပါရာနန့်စ်အသင်းရဲ့ ဘယ်နောက်ခံလူ လိုဒီ ကို (၆)နှစ် စာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။ အသက် (၂၁)နှစ်အရွယ် ကစားသမားဟာ ဘရာဇီးရဲ့ထွန်းတောက်လာမယ့် ကစားသမားအဖြစ် မှတ်ချက်ပေးခံနေရသူဖြစ်ပြီး သူ့အတွက် ပြောင်းရွှေ့ကြေးကိုတော့ အသင်းက ဖော်ပြသွားခြင်းမရှိခဲ့ပါဘူး။

 

ဂျရတ် ။ ။ ရိန်းဂျားအသင်းနည်းပြ စတီဗင်ဂျရတ်ဟာ နယူးကာဆယ်အသင်းရဲ့နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီး ပယ်ချသွားခဲ့တယ်လို့ ESPN က ဖော်ပြပါတယ်။ နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှ်လေ ဟာ အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ နည်းပြ ဘင်နီတက်ဇ်ရဲ့နေရာကို အစားထိုးဖို့အတွက် ဂျရတ်ကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျရတ်က ငြင်းပယ်သွားခဲ့တယ်လို့ ဖော်ပြသွားခခဲ့တာပါ။

READ
ဘာကာက ဘာလို့ထွက်ခဲ့တာလဲဆိုတဲ့မေးခွန်းကို ပါးပါးနပ်နပ်တုံ့ပြန်ခဲ့တဲ့ နေမာ

အမေရိကန် ။    ။ အမေရိကန်အမျိုးသမီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပွဲစဉ်ရဲ့ ဗိုလ်လုပွဲမှာ နယ်သာလန်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါပြီ။ ပွဲချိန် ပထမပိုင်းမှာ အမေရိကန်အသင်းက ဦးဆောင်ဂိုးသွင်းဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း ဒုတိယပိုင်း (၆၁)မိနစ်မှာတော့ VAR အကူအညီနဲ့ ပင်နယ်တီရရှိသွားခဲ့ပြီး မီဂန် က ကန်သွင်းယူခဲ့တာပါ။ အဲဒီနောက် (၈)မိနစ်အကြာမှာပဲ ရို့စ်လာဗယ်လ် က အမေရိကန်အတွက် ဒုတိယဂိုး ထပ်မံသွင်းယူပေးသွားခဲ့လို့ ပွဲအပြီးမှာ အမေရိကန်အသင်းက ချန်ပီယံဆုဖလားကို ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

Twitter “Mirror”

Linn

Source : TheSun , Goal , Mirror

SHARE