၉-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ ဟာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီလို့ Dailymail က ဖော်ပြပါတယ်။ ဂျူဗင်တပ်စ်ဟာ ဂွာဒီယိုလာ ကို (၄)နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး လက်ရှိနည်းပြ အယ်လီဂရီကတော့ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာသွားဖို့ ရှိနေတာပါ။ အီတလီသတင်းထောက်တစ်ယောက်ဖြစ်တဲ့ ဂူယယ်ပါ က ဂွာဒီယိုလာ ဟာ အယ်လီဂရီရဲ့နေရာကို အစားထိုးဖို့အတွက် နှုတ်ကတိပေးပြီးခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့တဲ့နောက် ဒီသတင်းဟာ ပိုမိုကျယ်ပြန့်လာခဲ့တာပါ။ ဂူယယ်ပါ ဟာ ရီးယဲလ်ကနေ ရော်နယ်ဒို ထွက်ခွာတော့မယ့်သတင်းကိုလည်း အခြားသူတွေထက် အရင်ဆုံးသိပြီး ဖော်ပြခဲ့တာကြောင့် ဒီတစ်ကြိမ် သူ့ရဲ့သတင်းဟာ မှန်ကန်လိမ့်ဦးမယ်လို့ ယုံကြည်နေကြပါတယ်။

စပါး ။   ။ စပါးအသင်းဟာ သူတို့ရဲ့ (၁)ဘီလီယံတန် ကွင်းသစ်ကြီးကို ဘရိုက်တန်နဲ့ပွဲမှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်(၅)ပွဲကို လက်ခံကစားသွားမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ပရိသတ် (၆၂၀၀၀)ဆန့်မယ့် ကွင်းသစ်ကြီးကို ဧပြီလ (၇)ရက်၊ ဘရိုက်တန်နဲ့ပွဲစဉ်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ရက်တွေထက် နောက်ကျပြီးမှ ဖွင့်လှစ်နိုင်ခဲ့လို့ ပရိသတ်တွေကို တောင်းပန်ကြောင်း စပါးအသင်း တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။ စပါးအသင်းဟာ ဒီကွင်းအတွက် ငွေကြေးပမာဏများစွာကို အသုံးပြုထားခဲ့ရတာကြောင့် ဒီရာသီမှာ ကစားသမားသစ်တွေ မခေါ်နိုင်ခဲ့ပဲ ပရိသတ်တွေနဲ့ နည်းပြ ပိုချက်တီနိုရဲ့ မကျေနပ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။

READ
၂၅-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
EPA

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အပြောင်းအရွှေ့ပိတ်ပင်ခံရမှုအပေါ် အယူခံဝင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အဲဒီအယူခံကို ပယ်ချသွားခဲ့ပါတယ်။ လူငယ်ကစားသမားခေါ်ယူမှုနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ချယ်လ်ဆီးအသင်းက ကစားသမားခေါ်ယူခွင့် တစ်ရာသီ ပိတ်ပင်ခံခဲ့ရတာပါ။ ဒါပေမယ့် ချယ်လ်ဆီးတာဝန်ရှိသူတွေက အဲဒီပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့ကြပြီး နောက်ဆုံးမှာ ပယ်ချခံခဲ့ရတာပဲဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ လက်ရှိအနေအထားအရ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဟာဇက်၊ အိုဒွိုင်းတို့အပါအ၀င် ကစားသမားအချို့ကို အပြောင်းအရွှေ့မှာ လက်လွှတ်ရဖွယ်ရှိနေလို့ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် အယူခံဝင်ခဲ့တာပဲဖြစ်ပါတယ်။

PA

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ရိုးမားအသင်းက ထွက်ခွာလာပြီဖြစ်တဲ့ မွန်ချီကို အားကစားဒါရိုက်တာ ရာထူးနဲ့ ခန့်အပ်နိုင်လိုက်ပြီဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်မှာ ဆရာတစ်ဆူ လို့ တင်စားနေကြတဲ့ မွန်ချီဟာ ရိုးမားအသင်းရဲ့နည်းပြ အပြောင်းအလဲမှာ နုတ်ထွက်လာခဲ့သူဖြစ်ပြီး အာဆင်နယ်က (၃)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ အသက် (၅၀)အရွယ် စပိန်နိုင်ငံသား၊ မွန်ချီဟာ အာဆင်နယ်အသင်းနည်းပြ အမ်မရီနဲ့ ဆီးဗီးလားအသင်းမှာ အတူ လက်တွဲခဲ့ဖူးပြီး အမ်မရီကိုယ်တိုင်က သူ့ကိုခေါ်ယူပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

EPA

မိုက်ဖီလန် ။     ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းအောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ ငြိမ်သက်စွာ ရှိနေပြီး အသင်းအတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လက်ထောက်နည်းပြ မိုက်ဖီလန် ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ဖာဂူဆန်ရဲ့လက်အောက်မှာ (၅)နှစ်အထိ အလုပ်လုပ်ခဲ့ဖူးတဲ့ မိုက်ဖီလန် ဟာ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကြားမှာ အကောင်းဆုံး ပေါင်းကူးတံတားဖြစ်ခဲ့သလို ကစားသမားတွေရဲ့ အရည်အချင်းကို အကောင်းဆုံး သုံးသပ်နိုင်သူဖြစ်တယ်လို့လည်း နည်းပြ ဆိုးလ်ရှားက ချီးကျူးလိုက်တာပါ။ မန်ယူအသင်းက PSG အသင်းကို အနိုင်ရခဲ့ပြီးတဲ့နောက် မိုက်ဖီလန် ဆီကို ချီးကျူးဖို့ ဖုန်းဆက်ကြတဲ့ ဖုန်းခေါ်ယူမှု အကြိမ်ပေါင်း (၁၈၀)အထိ ရှိခဲ့ပြီး မိုက်ဖီလန်က သူ့ရဲ့တွစ်တာအကောင့်မှာ အဲဒီအကြောင်းကို ရေးသားဖော်ပြသွားခဲ့ပါတယ်။

READ
ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်အတွဲ
Twitter

ဂျော်ဂျင်ဟို ။     ။ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို က သူဟာ နည်းပြ ဆာရီရဲ့ အခွင့်ထူးခံ ကစားသမားတစ်ယောက် မဟုတ်ကြောင်းနဲ့ သူ့ရဲ့အလုပ်ကိုသာ သူအကောင်းဆုံးလုပ်နေတာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဗြိတိန်သတင်းစာတွေက ဂျော်ဂျင်ဟို ဟာ ချယ်လ်ဆီးကစားသမားတွေထဲမှာ နည်းပြ ဆာရီရဲ့ မျက်နှာသာ အပေးခံရဆုံး ကစားသမားဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်ကြောင်း ရေးသားဖော်ပြနေမှုအပေါ် ဂျော်ဂျင်ဟိုက တုန့်ပြန်လိုက်တာပါ။ ဂျော်ဂျင်ဟိုက သူဟာ ပုံမှန်ကစားသမားတစ်ယောက်သာ ဖြစ်ပြီး နည်းပြကို ကူညီဖို့ ကြိုးစားနေတဲ့ ကစားသမား တစ်ဦးသာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Linn

Source: TheSun , Dailymail , Mirror

SHARE