အမှတ်တမဲ့လုပ်ရင်းကနေ ကျန်းမာရေးကို ယိုယွင်းလာစေတဲ့ အမူအကျင့်များ

Pexels/Pranidchakan Boonrom

ဆေးလိပ်သောက်ခြင်း၊ အသင့်စား အစားအသောက်တွေ အစားများခြင်းဟာ လူတွေရဲ့ ကျန်းမာရေးအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှူတွေ ရှိနေတာကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဒီအချက်တွေအပြင် လူတွေ နေ့တိုင်းပြုလုပ်နေတဲ့ အချို့အမူအကျင့်တွေထဲမှာလည်း ရေရှည်မှာ လူ့ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တာတွေ ရှိပါတယ်။ ဘယ်လိုအမူအကျင့်လဲဆိုတာကိုတော့ စာဖတ်သူတွေ သတိပြုရအောင် brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အစားအသောက်ကို မြန်မြန်ဆန်ဆန် သုံးဆောင်ခြင်း

အစားအသောက်ကို မြန်မြန်ဆန်ဆန် စားတာက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ရလဒ်မရှိနိုင်ဘူးလို့ လေ့လာချက်အများစုက ဆိုပါတယ်။ မြန်မြန်စားရင် ၀ိတ်တက်မြန်စေပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ဆီးချိုနဲ့ လေဖြတ်ဖို့ ရာခိုင်နှူန်းတိုးလာနိုင်ပါတယ်။ မြန်မြန်စားတတ်တဲ့သူတွေက အစားအသောက်ကို အလွန်အကျွံစားသုံးနိုင်ခြေလည်း များပါတယ်။ တကယ်တမ်း ကိုယ်ဗိုက်ပြည့်နေပြီဆိုတာကို ဦးနှောက်ဆီ သတင်းပို့ဖို့ အချိန် မိနစ်(၂၀) ကြာပါတယ်။ ဒါကို ဦးနှောက်ဆီ သတင်းမရောက်ခင်မှာပဲ ကိုယ်က မြန်မြန်စားနေတာကြောင့် ဗိုက်ပြည့်လို့ ပြည့်နေမှန်းတောင် မသိတော့ပဲ အလွန်အကျွံစားမိတာတွေ ဖြစ်နိုင်ပါတယ်။

Pexels/rawpixel.com

အသီးဖျော်ရည်တွေ အသောက်များခြင်း

အသီးဖျော်ရည်တွေ ဥပမာ လိမ္မော်ရည်ထဲမှာဆိုရင် ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒန့်အမျိုးမျိုး ပါတယ်ဆိုပြီး လူတွေက နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးကြပါတယ်။ ကျန်းမာရေးနဲ့လည်း သင့်တော်တယ်လို့ အယူရှိပါတယ်။ ဒါပေမယ့် သစ်သီးဖျော်ရည်တွေ သောက်သုံးပါများတဲ့အခါ သွားတွေပျက်စီးလာတာ၊ ဆီးချိုရောဂါ တွယ်လာတာ၊ အ၀လွန်တာတွေဖြစ်လာနိုင်ပါတယ်။ အကြောင်းရင်းကတော့ သစ်သီးရည်တွေထဲမှာ fructose ပမာဏအများကြီး ပါဝင်လို့ပါပဲ။ ဘာအသီးဖျော်ရည်ပဲသောက်သောက်၊ ကောင်းပေ့ဆိုတဲ့ သစ်သီးဖျော်ရည်တွေထဲမှာတောင် အချိုဓာတ်ပမာဏက အတော်များများ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ဘောင်းဘီအနောက်အိတ်ထဲမှာ ပိုက်ဆံအိတ်ထည့်ထားခြင်း

လူအများစုက ဂျင်းဘောင်းဘီနဲ့ အိတ်ပါတဲ့ ဘောင်းဘီတွေ ၀တ်ဆင်ကြတဲ့အခါ ပိုက်ဆံအိတ်တွေကို အနောက်ဘက်က အိတ်ကပ်တွေထဲမှာ ထည့်ထားလေ့ရှိပါတယ်။ အိတ်ကို ကိုယ်လိုအပ်တဲ့ အချိန်မှာ အလွယ်တကူ အသွင်းအထုတ်လုပ်နိုင်တာ မှန်ပေမယ့် ကျန်းမာရေးဘက်က ကြည့်ရင်တော့ မကောင်းပါဘူး။ အကြောင်းရင်းကတော့ ပိုက်ဆံအိတ်က ခုနေတာကြောင့် ပုံမှန်အတိုင်း တည့်နေရမယ့် ကျောရိုးဟာ အနည်းငယ်ရွဲ့စောင်းပြီး ကျောရိုးဆစ်ထဲက အရွတ်လေးတွေက နေရာရွေ့နိုင်တာကြောင့် ဖြစ်ပါတယ်။ ရေရှည်ကျရင် နာတာရှည်ခါးနာတာ၊ ကျောရိုးအဆစ်လွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။

Pexels/George Becker

အစားစားပြီးပြီးချင်း သွားတိုက်ခြင်း

အစားစားပြီးတိုင်း ချက်ခြင်းသွားတန်းတိုက်တဲ့ သူတွေ ရှိပါတယ်။ သွားနဲ့ခံတွင်းကို သန့်ရှင်းအောင် ထားတာက ကောင်းပေမယ့် အနည်းဆုံးတော့ အစားစားပြီးရင် တန်းပြီး သွားတိုက်တာမျိုး မလုပ်ပဲ မိနစ်(၃၀) လောက်တော့ စောင့်သင့်ပါတယ်။ သွားတွေမှာ အပေါ်ယံကြွေလွှာလေးတွေ ရှိပါတယ်။ အစားစားပြီးစ အချိန်မှာ အဲ့ဒီကြွေလွှာလေးတွေဟာ အစားအသောက်အမျိုးမျိုးထဲက အက်ဆစ်ဓာတ်တွေနဲ့ ထိတွေ့မိတာကြောင့် ဒီအချိန်ဟာ သူတို့ရဲ့ အားအနည်းဆုံးအချိန်ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်မှာ သွားတိုက်လိုက်တဲ့အခါ ကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။

အအိပ်များခြင်း

လူတွေဟာ ခန္ဓာကိုယ်အနားရဖို့ အိပ်စက်ကြပါတယ်။ အိပ်စက်တဲ့အခါ ခန္ဓာကိုယ်ဟာ သူ့အလိုအလျောက် ပြုပြင်စရာ၊ ပြင်ဆင်စရာရှိတာတွေကို ပြုလုပ်ပါတယ်။ ဒါပေမယ့် အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်အတွက် အနားရတယ်ဆိုလို့ အလွန်အကျွံအိပ်စက်တာမျိုးတော့ မလုပ်သင့်တာအမှန်ပါ။ လူတစ်ယောက်အတွက် လိုအပ်တဲ့ အိပ်ချိန်ပမာဏကလည်း တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ဒါပေမယ့် ပျမ်းမျှအားဖြင့် တစ်နေ့တာအိပ်စက်ချိန်ဟာ () နာရီကြား ရှိသင့်တယ်လို့ ဆိုပါတယ်။ အအိပ်အနေ သိပ်များတဲ့အခါ စိတ်ကျရောဂါ၊ နှလုံးရောဂါ၊ အ၀လွန်ရောဂါတွေအပြင် ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေပါ ကျဆင်းစေပြီး စောစီးစွာ သေဆုံးနိုင်ခြေများစေတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE