VR နည်းပညာအကူအညီကြောင့် ကွယ်လွန်သွားတဲ့ သမီးဖြစ်သူနဲ့ ဆုံစည်းနိုင်ခဲ့တဲ့ မိခင်

YouTube/MBCLife

တောင်ကိုရီးယားက မိခင်တစ်ယောက်ဟာ virtual reality လို့ ခေါ်တဲ့ VR နည်းပညာနဲ့ ကွယ်လွန်သွားတဲ့ သမီးဖြစ်သူကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။

သူ့ရဲ့ သမီးဖြစ်သူက လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကွယ်လွန်သွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာတော့ အသက် ၇ နှစ်သာ ရှိပါသေးတယ်။ နာမည်ကတော့Nayeon လို့ ခေါ်ပါတယ်။ မိခင်ဖြစ်သူ Jang Ji-sung က I Met You  လို့ အမည်ရှိတဲ့ မှတ်တမ်းရုပ်ရှင်ပရောဂျက်တစ်ခုမှာ ပါဝင်ခဲ့တာပါ။ အဆိုပါ မှတ်တမ်းရုပ်ရှင်ကို Munhwa Broadcasting Corporation က ထုတ်လွှင့်ပြသခဲ့ပြီး YouTubeမှာလည်း လူစိတ်ဝင်စားခြင်းခံရတဲ့ ချယ်နယ်တစ်ခုဖြစ်ပါတယ်။

YouTube ဗီဒီယိုဖိုင်ထဲမှာတော့ အမေဖြစ်သူက အစိမ်းရောင်စတွေနဲ့ အုပ်ထားတဲ့ အခန်းတစ်ခုထဲကို ဝင်သွားခဲ့ပါတယ်။ ပြီးနောက်မှာတော့ VR headsetကို  တပ်လိုက်ချိန်မှာတော့ ကွန်လွန်သွားခဲ့ပြီဖြစ်တဲ့ သူ့ရဲ့ သမီးငယ်ရဲ့ ပုံရိပ်အတုအယောင်ကို မြင်တွေ့ခဲ့ရတာပါ။ VR ထဲမှာတော့ သမီးဖြစ်သူ Nayeon က အမေဖြစ်သူဆီ ပြေးလာပြီး “အမေ ဘယ်တွေ ရောက်နေတာလဲ။ သမီးကို မလွမ်းဘူးလား”ဆိုတဲ့ တီတီတာတာ စကားတွေ ပြောဆိုခဲ့တာကြောင့် မိခင်ဖြစ်သူဟာ နေရာမှာပဲ မျက်ရည်တွေ စီးကျလာခဲ့ပါတယ်။

YouTube/MBCLife

မိခင်ဖြစ်သူက “အမေ သမီးကို အချိန်တိုင်းလွမ်းနေမိတာ”လို့ ပြောဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ မိခင်ဖြစ်သူဟာ VR ထဲမှာပေါ်နေတဲ့ သမီးရဲ့ ပုံရိပ်အတုအယောင်ကို အထူးဖန်တီးထားတဲ့ လက်အိတ်နဲ့ ထိတွေ့ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ လမ်းအတူတူလျှောက်ခဲ့ပြီး မွေးနေ့ကိတ်အတူတူ စားခဲ့ကြပါတယ်။

ဒီလို ပုံရိပ်အတုအယောင်နဲ့ တွေ့ဆုံခဲ့ပေမယ့်လည်း တကယ့် အစစ်လို့ထင်မြင်ရတဲ့ ပုံရိပ်တွေကြောင့် မိခင်ဖြစ်သူနဲ့ ကျန်ရှိနေခဲ့တဲ့ မိသားစုဝင်တွေ အကုန်လုံး ဝမ်းနည်းပူဆွေးမှုတွေဖြစ်ခဲ့ကြရပြီး ငိုကြွေးခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ မျက်ရည်စတွေနဲ့ သမီးရဲ့ ပုံရိပ်အတုအယောင်ကို ငေးကြည့်နေခဲ့တာပါ။

မှတ်တမ်းရုပ်ရှင်ကို ဖန်တီးသူတွေကတော့ ကလေးမလေး မကွယ်လွန်ခင်က အမေဖြစ်သူနဲ့ မကြာခဏ သွားလေ့ရှိတဲ့ ပန်းခြံကိုပါ VR ထဲမှာ ဖန်တီးပေးထားခဲ့တာပါ။ ကွယ်လွန်သွားတဲ့ သမီးဖြစ်သူနဲ့မိခင်တို့ဟာ အဲဒီပန်းခြံထဲမှာ ဆုံတွေ့ခဲ့ကြတာပါ။

အမေဖြစ်သူကတော့ သမီးဖြစ်သူနဲ့ ဒီလို ဆုံတွေ့ရခြင်းနဲ့ ပတ်သက်ပြီးတော့ အခုလို ပြောခဲ့ပါတယ်

“ ဒါ တကယ့် နိဗ္ဗာန်ဘုံတစ်ခုဖြစ်ကောင်းဖြစ်မှာပါ။ Nayeonလေးနဲ့ ကျမ တွေ့ခဲ့တယ်။ ပြုံးရယ်နေပြီး ကျမကို ကြည့်နေတာ။  အချိန်ခဏလေးပါပဲ။ ဒါပေမယ့် သိပ်ပျော်ရွှင်ရတဲ့ အချိန်လေးပါ။ သမီးနဲ့ အခုလို ဆုံတွေ့ခွင့်ရဖို့ ကျမ အမြဲတမ်းတောင့်တနေမိခဲ့တာပါ” “သမီးမရှိတော့တဲ့ သုံးနှစ်တာ အကြာမှာတော့ ကျမ အခု သူ့ကို ဒီထက်ပိုချစ်ရတော့မယ်ဆိုတာ တွေးမိပါတယ်။ ပြီးတော့ သူ့နဲ့ နောက်တစ်ကြိမ်ဆုံတွေ့နိုင်ဖို့ ယုံကြည်မှုပိုရှိမှ ဖြစ်တော့မှာပါ။ ဒီရှိုးကို ကြည့်တဲ့ လူပေါ့င်းများစွာက သမီးလေးNayeon ကို သတိရနေကြဦးမယ်လို့ မျှော်လင့်မိပါတယ်”

Ye Yint Kyaw

SHARE