ဘီယာအလကားသောက်ရဖို့ အသက်အန္တရာယ်ကို မျက်ကွယ်ပြုခဲ့သူများ

တောင်အာဖရိကနိုင်ငံက ယာဉ်အသွားအလာများတဲ့ လမ်းကြောတစ်ခုမှာ ထောင်နဲ့ချီတဲ့ ဘီယာပုလင်းတွေဟာ ထရပ်ကားတစ်စီးပေါ်ကနေ ပြုတ်ကျခဲ့တာကြောင့် လမ်းပေါ်မှာရှိတဲ့ ယာဉ်မောင်းတွေဟာ ယာဉ်တွေကို ရပ်ပြီး အလုအယက်ကောက်ယူခဲ့ကြပါတယ်။

dailymail

ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရတဲ့ ဗီဒီယိုတစ်ခုမှာတော့ ဘီယာဘူးတွေ ပုလင်းတွေဟာ ပုံစံအမျိုးမျိုးနဲ့ ကားလမ်းပေါ်မှာဘီယာပင်လယ်ဝေနေတာကို တွေ့ရမှာပါ။ ဒါကို လမ်းသွားလမ်းလာတွေနဲ့ ယာဉ်မောင်းတွေဟာ ဘီယာပုလင်း အကွဲအစ အပျက်အစီးတွေကြားထဲက အကောင်းအတိုင်း ရှိနေသေးတဲ့ ပုလင်းတွေ၊ ဘူးတွေကို လိုက်ရှာပြီး ကောက်ယူနေခဲ့ကြတာ ဖြစ်ပါတယ်။

dailymail

အခင်းဖြစ်ရာနေရာကို ရဲတွေ ရောက်မလာမချင်း လူတွေဟာ ဘီယာတွေကို တစ်နိုင်တစ်ပိုင် ရသလောက် အိမ်သယ်သွားဖို့ ကြိုးစားနေခဲ့ကြပါတယ်။ ခြေထောက်ကို ပုလင်းကွဲစတွေ စူးမှာလည်း မကြောက်ရွံ့ပဲ ပုလင်းတွေကို သူ့ထက်ငါ ဦးအောင်သယ်နိုင်ဖို့အရေး လောဘဇောတိုက်နေခဲ့ကြတာပါ။ ရဲတင်းတဲ့သူအချို့ကလည်း အောက်ကို ပြုတ်မကျပဲ ထရပ်ကားပေါ်မှာ အကောင်းအတိုင်း ရှိနေသေးတဲ့ ဘီယာဖာတွေကို သွားလုကြပါသေးတယ်။

dailymail

ကူကယ်ရာမဲ့နေရှာတဲ့ ဘီယာတင် ထရပ်ကားသမားကတော့ ဘီယာပုလင်းဖာတွေကို မယူသွားဖို့ တားမြစ်ပေမယ့် လူတွေကို ဘယ်လိုမှ တားမရခဲ့ပါဘူး။ တက္ကစီတစ်စီးဆိုရင် ဟိုင်းဝေးလမ်းရဲ့ တခြားတစ်ဖက်ကနေ ဘီယာတွေ ပြန့်ကြဲနေတာကို တွေ့တာကြောင့် တက္ကစီမှာ လိုက်လာတဲ့သူတွေဟာ ဘီယာပုလင်းတွေရှိရာနေရာဆီ ကားလမ်းကူးကာ ပြေးလာပြီး ပုလင်းတွေကို မရမကသယ်ယူခဲ့ပါသေးတယ်။

dailymail

ကားတွေနဲ့ ကုန်တင် လော်ရီကားကြီးတွေပါ မကျန် ဖြတ်မောင်းနေတဲ့ အဝေးပြေးလမ်းပေါ်မှာဖြစ်တာကြောင့် အသက်အန္တရာယ်များတဲ့ ဖြစ်ရပ်ပဲဖြစ်ပါတယ်။ အရက်သေစာအလကားသောက်ရဖို့ ကိုယ့်အသက်ကိုတောင် အမှုမထားတော့တဲ့ မြင်ကွင်းဟာ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ အကျည်းတန်မြင်ကွင်းပဲ ဖြစ်ပါတော့တယ်။

လင်းလင်း (ShweMom)

READ
ဘန်ကောက်မြို့ရဲ့ ဈေးအကြီးဆုံး Street Food ဆိုင်

Ref: Dailymail

SHARE