အသံကြားတာနဲ့ သွားရည်ယိုစေမယ့် မြန်မာဟင်းလျာများ

ဘယ်ဆိုင်မှာ ဘယ်လိုဈေးကြီးတဲ့ အစားအစာတွေကိုပဲစားစား၊ အချိန်တန်ရင် ကိုယ့်အိမ်က မြန်မာထမင်းဟင်းကိုပဲ မက်မက်မောမော စားတတ်သူတစ်ယောက်ပါလား။ ထမင်းမြိန်မြိန်လေး ချက်စားဖို့ စိတ်ကူးပေမယ့် ဘာတွေချက်စားရမယ်မှန်းလည်း အကြံမရ ဖြစ်နေပါသလား။ အပြောင်းအလဲလေးလည်းဖြစ်ပြီး လွယ်လွယ်ကူကူနဲ့ အရသာရှိလွန်းတဲ့ မြန်မာထမင်းဟင်းလေးတွေကို ချက်စားကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။

မန်ကျည်းရွက်သုပ်

ဒါလေးကတော့ ရာသီစာလေး ဖြစ်ပါတယ်။ ဆီပြန်ဟင်းတွေကို ငြီးငွေ့နေပြီး အသုပ်ကလေးတွေ စားရတာ နှစ်ခြိုက်သူတွေအတွက် တကယ်အဆင်ပြေတဲ့ အသုပ်ဟင်းလျာလေး ဖြစ်ပါတယ်။ မန်ကျည်းရွက်နုနုလေးတွေကို ကြက်သွန်နီလေး ပါးပါးလှီး၊ မြေပဲဆံလေးထောင်းပြီး ပဲဆီမွှေးမွှေးလေးနဲ့ဆိုရင် ဆွေမျိုးတောင်မေ့အောင် စားကောင်းမယ်ဆိုတာ အာမခံပါတယ်။

မှိုဟင်းချို

ထမင်းစားရင် အရည်သောက်လေးပါမှ ပြည့်စုံသွားတယ်ဆိုတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ အရည်သောက်ဟင်းချိုတွေ အမျိုးမျိုးရှိတဲ့အနက်က မှိုနုနုချိုချိုလေးတွေကို လတ်လတ်ဆတ်ဆတ် အသီးအရွက်လေးတွေနဲ့ အရည်သောက်ချက်ထားတဲ့ မှိုဟင်းချိုဟာ ထမင်းပွဲရဲ့ဇာတ်လိုက် ဖြစ်နိုင်ပါတယ်။ အသီးအရွက်နဲ့ မှိုရဲ့ သဘာဝအချိုအရသာနဲ့ ပူပူလောလောလေး သောက်ပြီး စားလိုက်ရမယ်ဆိုရင်တော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်မှာ အမှန်ပါပဲ။

READ
သင့်ကလေးကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းစေဖို့ ပြုလုပ်ရမယ့်အရာများ
ပဲကတ္တီပါသုပ်

တကယ်လို့ ညနေစာအတွက် ဘာဟီရတွေ မလုပ်ချင်တော့ဘဲ ဖြစ်သလိုလေးပဲ စားလိုက်ချင်တဲ့နေ့တွေဆိုရင် ပဲကတ္တီပါသုပ်လေးနဲ့ ထမင်းပူပူလေးက အဆင်ပြေပါလိမ့်မယ်။ ကြက်သွန်နီလေးပါးပါးလှီးပြီး ပဲဆီလေး ဆမ်းလိုက်ရုံနဲ့တင် သွားရည်တမြားမြားကျစေမယ့် အဖိုးနည်း ၀န်ပါ အသုပ်ဟင်းလျာလေးတစ်ခွက် စားသုံးနိုင်ပါလိမ့်မယ်။

ကြက်သားကာလသားဟင်း

အသားရော အသီးအရွက်ပါ တစ်ပါတည်း ရောနှောစားရတာ သဘောကျတဲ့သူတွေအတွက် ကြက်သားကာလသားချက်လေးကလည်း အဆင်ပြေမှာပါ။ ကြက်သွန်အဖြူ၊ အနီ၊ ချင်း၊ ငရုတ်ခွဲကြမ်း ရောထောင်းထားတဲ့ အနှစ်ကို ကြက်သားတုံးတွေနဲ့နယ်ပြီး မီးဖိုပေါ်မှာ ခဏလောက် လုံးလိုက်ပါ။ ဆူပြီး အနံ့ထွက်လာရင်တော့ အတုံးကြီးကြီး လှီးထားတဲ့ ဘူးသီးတွေကိုရောထည့်၊ မဆလာပါ တစ်ခါတည်းထည့်ပြီး ရေကို သင့်တော်သလောက် ပမာဏထည့်ထားလိုက်ပါ။ ကြက်သားက အချိုအရသာထွက်ပြီး ဘူးသီးကလည်း နူးပြီဆိုရင်တော့ နံနံပင်၊ ပင်စိမ်းတို့ကို အုပ်ပြီး ပူပူနွေးနွေး သုံးဆောင်လို့ရပါပြီ။

မရမ်းသီးထောင်း

အဓိကဟင်းပွဲတွေရဲ့နောက်က ကြိုးကိုင်နေတဲ့ မထင်မရှား၊ အရန်ဟင်းမကျတကျ ဇာတ်ကောင်ကို သိပါသလား။ သူကတော့ မရမ်းသီးထောင်းလေးပါ။ ထမင်းဟင်းတွေရဲ့ အရသာကို ပိုပေါ်လွင်စေပြီး ထမင်းစားရတာ မြိန်ရည်ယှက်ရည်ဖြစ်သွားအောင် ဖြည့်စွက်ပေးနိုင်တဲ့ မြန်မာတို့ရဲ့အသည်းစွဲ အထောင်းလေးတစ်ခုပါ။ မရမ်းသီးထောင်းမယ်ဆိုရင်တော့ မရမ်းသီးလေးတွေကို ရေဆေးပါးပါးလှီး၊ စိမ်းစားငါးပိကောင်းကောင်းလေးကို မီးကင်၊ ငရုတ်သီးစိမ်းကို ရေလေးနည်းနည်းထည့်ပြုတ်၊ ပြီးရင် ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက်ပါထည့်ပြီး အကုန်ရောထောင်းလိုက်ရုံပါပဲ။ လျှာလည်ရုံတင်မဟုတ်၊ မျက်စိတွေပါ လည်သွားမယ့် ရှူးရှဲမရမ်းသီးထောင်းလေးကို ရပြီပေါ့နော်။

READ
ဆံကေသာနဲ့ အသားအရေအတွက် အလွန်အစွမ်းထက်တဲ့ ဗီတာမင်စီ

အခုဖော်ပြပေးထားတဲ့ မြိန်ရာဟင်းကောင်းလေးတွေကိုမှ သိပ်မကျွမ်းကျင်လို့ အရသာမကောင်းဖြစ်မှာလည်း မပူပါနဲ့နော်။ သဘာဝပစ္စည်းကုန်ကြမ်းတွေနဲ့ အသုံးပြုထားပြီး ကျန်းမာရေးနဲ့လည်း ကိုက်ညီတဲ့ ခနောကြက်သားမှုန့်လေးကို သင့်တင့်သလိုလေး ထည့်သွင်းချက်ပြုတ်ရုံနဲ့ အနံ့၊အရသာနဲ့ ပြည့်စုံတဲ့ ဟင်းလျာလေးတွေကို ရရှိမှာပါ။ ပူပူနွေးနွေးနဲ့ အရသာရှိလှတဲ့ ထမင်းဝိုင်းလေးကို ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့အတူ လက်ဆုံစားပြီး ချစ်ခင်မှုတွေနဲ့ ပြည့်လျှမ်းနေတဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Sponsored by Knorr

SHARE