August လထဲ မဖြစ်မနေစောင့်ကြည့်ရမည့် ရုပ်ရှင်ဇာတ်ကားကောင်းများစုစည်းမှု

Brian Banks, Angel Has Fallen, Scary Stories To Tell In The Dark/IMDb

ရုပ်ရှင်တွေကတော့ တစ်လနဲ့တစ်လမရိုးနိုင်အောင် အသစ်အသစ်တွေထွက်နေပါတယ်။ ဒီလိုထွက်နေလို့လည်း ရုပ်ရှင်ချစ်သူတွေအတွက် ဒီလတော့ ဘာကားလေးထွက်မယ်၊ ဘာလေးတော့ ကြည့်ကိုကြည့်ရမယ်ဆိုပြီး အကြိုရင်ခုန်ထားပြီး စောင့်မျှော်နေရတာကိုက ခံစားချက်တစ်ခုမလား။ ဒီတစ်ခေါက်မှာတော့ လာမယ့် August လအတွင်းထွက်ရှိမယ့် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတွေအကြောင်း ဖော်ပြပေးသွားမှာမလို့ ကြည့်လိုက်ကြရအောင်နော်။

Brain Banks (သြဂုတ်လ ၉ ရက်နေ့)

အမေရိကန်ဘောလုံးကစားသမား Brian Banks ရဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဘဝလေးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေးပါ။ Brian Banks ဟာ ငယ်ဘဝတုန်းက အသားရောင်ခွဲခြားဆက်ဆံခံရမှုကို ဆိုးဆိုးရွားရွားဆက်ဆံခံခဲ့ရတဲ့ တစ်ဆင့်ခံလူသားတစ်ယောက်ပါ။ မျက်စိရှေ့မှာ အဖြစ်အပျက်ပေါင်းများစွာနဲ့ ကြီးပြင်းလာခဲ့တဲ့အတွက် သူ့လက်ထက်ကျရင်တော့ ဘဝလမ်းကြောင်းပေါ် တည့်တည့်မတ်မတ်နဲ့ကြိုးစားနေမယ်ဆိုပြီး ဆုံးဖြတ်ထားခဲ့ပါတယ်။ အထက်တန်းကျောင်းသားဘဝမှာ အများတကာအားကျချီးကျူးရလောက်တဲ့ အမေရိကန်ဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့ပြီး အနာဂတ်မှာလည်း တက်လမ်းအများကြီးရှိနေတဲ့ လူငယ်တစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပေမယ့်လည်း တစ်ရက်မှာတော့ အိမ်ကိုရဲတွေဝင်စီးကာ Brian Banks ကို ဖမ်းသွားခဲ့ပါတယ်။ မအေတစ်ခုသားတစ်ခုဘဝနဲ့ အေးအေးချမ်းချမ်းနေနေခဲ့ပေမယ့်လို့ သူမလုပ်တဲ့ပြစ်မှုတစ်ခုကြောင့် ထောင်နန်းစံခဲ့ရပါတော့တယ်။ ထောင်ကထွက်လာတဲ့အခါမှာလည်း အသက်ကကြီးသွား၊ အပြင်အလုပ်တွေက ထောင်ထွက်လူမည်းမလို့ လက်မခံကြနဲ့ နောက်ဆုံးမှာတော့ သူကျွမ်းကျွမ်းကျင်ကျင်ပါရမီပါတဲ့ အမေရိကန်ဘောလုံးလောကထဲ တစ်ဖန်ပြန်ဝင်ဖို့ စိတ်ဆုံးဖြတ်လိုက်တဲ့အခါ ဒီအသိုင်းအဝိုင်းကရော Brian ကို လက်ခံပါဦးမလား၊ အရင်လိုလူကောင်းတစ်ယောက် ပြန်ဖြစ်နိုင်ပါဦးမလားဆိုတာ အဖြေရှာလိုက်ပါ။

Scary Stories to Tell in the Dark (သြဂုတ်လ ၉ ရက်နေ့)

ကျွန်တော့အတွက်တော့ ၂၀၁၉ ခုနှစ်ထွက် သရဲကားသစ်တွေထဲ တော်တော်မျှော်လင့်ထားတဲ့ကောင်ပါ။ ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းတွေနဲ့ မကောင်းဆိုးဝါးသတ္တဝါတွေအကြောင်းရေးထားတဲ့ ပုံပြင်စာအုပ်တစ်အုပ်ကို ဆယ်ကျော်သက်ကလေးအုပ်စုတစ်စုက မထင်မှတ်ဘဲ Mill Valley မြို့မှာ တစ်ခေတ်တစ်ခါက ကျော်ဇောခဲ့ကြတဲ့ Bellows မိသားစုအိမ်ကြီးထဲမှာ သွားတွေ့ခဲ့ကြပါတယ်။ သာမန်စာအုပ်ပဲထင်လို့ ပုံပြင်ဇာတ်လမ်းတွေကို ဖတ်မိခဲ့ရာမှ ပုံပြင်ထဲကအတိုင်း လက်တွေ့မှာတကယ်ကြုံလာကြတဲ့ခါ..

READ
"လရဲ့အောက်ဖက် မိုင်အဝေးမှာ" ရုပ်ရှင်ရိုက်ကွင်းပေါ်က သိဒ္ဓိနဲ့ ဒီပါ

The Art of Racing in the Rain (သြဂုတ်လ ၉ ရက်နေ့)

၂၀၀၀ ခုနှစ်အစောပိုင်းတုန်းကတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေကို အဓိကဇာတ်အိမ်တည်ပြီး ရိုက်ကူးထားကြတဲ့ ရုပ်ရှင်လေးတွေတော်တော်လေးခပ်စိပ်စိပ်ထွက်ခဲ့ပေမယ့် အခုနောက်ပိုင်းအဲဒီလိုကားလေးတွေမထွက်သလောက်တောင် ဖြစ်သွားခဲ့ပါပြီ။ ဒီလိုရှားရှားပါးပါးအချိန်မှာမှ ဒီကားလေးကိုတွေ့မိတော့ ခွေးချစ်သူတွေရော မိသားစုဒရာမာကို ပေါ့ပေါ့ပါးပါးလေး ခံစားချင်သူတွေအတွက်ရော ညွှန်းပေးလိုက်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားလေးဟာ ခွေးလေးရဲ့ရှုထောင့်ကနေပြီး ရိုက်ကူးထားတာပါ။ Enzo ဆိုတဲ့ ခွေးလေးရယ်၊ သူ့ရဲ့ပိုင်ရှင် ပြိုင်ကားမောင်းသမား Denny Swift တို့ကြားက သံယောဇဉ်တွေ၊ သခင်တစ်ယောက် မိန်းမယူပြီး ကလေးလေးမွေးလာတော့လည်း Enzo လေးရဲ့ ခံစားချက်တွေ၊ သခင်တို့အိမ်ထောင်ရေးပြိုကွဲတော့လည်း Enzo က သခင့်အနားမှာ အကောင်းဆုံးနေပေးခဲ့တာတွေအကြောင်း ပုံဖော်ထားတဲ့ နွေးနွေးထွေးထွေးရုပ်ရှင်လေးတစ်ကားဖြစ်ပါတယ်။

Ready or Not (သြဂုတ်လ ၂၁ ရက်နေ့)

“Ready or Not” ဆိုတဲ့စကားကို သူတို့ဆီမှာတော့ တူတူပုန်းတမ်းကစားတဲ့အခါ ကျွန်တော်တို့ဆီမှာလို “တူပြီလား” ဆိုတဲ့ အဓိပ္ပါယ်လိုမျိုးသက်ရောက်ပါတယ်။ Grace ဆိုတဲ့ မိန်းမချောလေးတစ်ယောက်ဟာ သူမစိတ်ကူးထားတဲ့ ဖူးစာရှင်နဲ့ အရာအားလုံးထပ်တူကျတဲ့ အမျိုးသားလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ကြပါတယ်။ Grace ရဲ့ သတို့သားလေးဟာ ရုပ်ရည်ရူပကာနဲ့ပတ်သက်ပြီး ဝေဖန်စရာမရှိသလို မိသားစုနောက်ခံကလည်း ကျိကျိတက်ချမ်းသာပြီး သိပ်ကိုကြီးကျယ်ခမ်းနားလှတဲ့ စံအိမ်ကြီးကိုလည်း ပိုင်ဆိုင်ပါသေးတယ်။

ဒါပေမဲ့ လက်ထပ်တာဟာ လူနှစ်ယောက်တည်းနဲ့ ပြီးတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါကြောင့်မလို့ သူမထက်အဆဆအရာရာသာနေတဲ့ ခင်ပွန်းအသစ်စက်စက်လေးရဲ့ မိသားစုတွေနဲ့လိုက်လျောညီထွေဖြစ်အောင်၊ ပိုရင်းနှီးလာအောင် အကြိုက်တွေဆောင်ပေးရပါတော့တယ်။ အဲဒီညမှာပဲ မိသားစုထုံးစံဆိုကာ ညဥ့်နက်သန်းခေါင်ကြီး တူတူပုန်းတမ်းကစားကြပါတော့တယ်။ အရာရာနောက်ကျပြီးမှ သိလိုက်ရတာကတော့ ပုန်းတဲ့သူက Grace တစ်ယောက်တည်း၊ လိုက်ရှာရတဲ့သူတွေကတော့ ခင်ပွန်းအပါအဝင်သူ့ရဲ့မိသားစုဝင်တွေအကုန်လုံး၊ အားလုံးကလည်း သေနတ်တွေ၊ မြှားတွေစတဲ့ လက်နှက်ကိုယ်စီနဲ့။ ပျော်ရွှင်ပြီး ရင်ဖိုရမယ့် မင်္ဂလာဦးညလေးကနေ Grace အတွက် တူတူပုန်းတမ်းအမြည်ခံကာ အမဲလိုက်ပွဲတစ်ခုမှာ သားကောင်ဖြစ်နေခဲ့လေတော့..

READ
မြန်မာအိုင်ဒေါစီစဉ်သူ မမီးကို ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ ဖြိုးမြတ်အောင်

Angel Has Fallen (သြဂုတ်လ ၂၃ ရက်နေ့)

Gerard Butler နဲ့ Morgan Freeman တို့ရဲ့ Fallen ဇာတ်ကားတွေနဲ့ အက်ရှင်ပရိတ်သတ်တွေနဲ့ ရင်းနှင်းမယ်လို့ ထင်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက Olympus Has Fallen, ၂၀၁၆ ခုနှစ်မှာ London Has Fallen နဲ့ အခု ၂၀၁၉ ခုနှစ်ထဲမှာတော့ Angel Has Fallen ဆိုတဲ့ ဇာတ်ဆက်ရုပ်ရှင်အသစ် ထွက်တော့မှာဖြစ်ပါတယ်။ ၃ နှစ်တစ်ကြိမ် Fallen ဇာတ်ကားတွေထွက်နေခဲ့တာ အခုနဲ့ဆို ၃ ကြိမ်မြောက်ရှိတော့မှာပါ။

ဒီတစ်ခေါက်မှာလည်း Morgan Freeman က အမေရိကန်သမ္မတအဖြစ် ပါဝင်ထားပြီး မတူညီတဲ့ဇာတ်လမ်းကတော့ Angel Has Fallen ဆိုတဲ့အတိုင်း တစ်သက်လုံးအသက်စွန့်ကာ သမ္မတကိုကာကွယ်ခဲ့တဲ့ Gerard Butler ကို သစ္စာဖောက်ဇာတ်သွင်းလိုက်တာပါပဲ။ Gerard Butler သရုပ်ဆောင်ထားတဲ့ Secret Service Agent Mike Banning တစ်ယောက် သမ္မတ Allan Trumbull ကို ဒီတစ်ခေါက်မှာရော ကယ်တင်နိုင်ပါဦးမလား။

Penny

SHARE