Angry Bird ထဲက ၀က်ရုပ်နဲ့ တူလွန်းနေတဲ့ လွန်ခဲ့တဲ့နှစ်(၅,၀၀၀)ကျော်က ရွှံ့စေးရုပ်

Weibo/WuYan

နာမည်ကျော် Angry Bird ဂိမ်းကို လူတိုင်းလိုလို ဆော့ဖူးကြမှာပါ။ အဲဒီ ဂိမ်းထဲက ဝက်အရုပ်နဲ့ ပုံစံ အရမ်းတူလွန်းတဲ့ ရွှံ့စေးရုပ်တစ်ခုကို တရုတ်နိုင်ငံက ရွာတစ်ရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ရှာဖွေတွေ့ရှိခဲ့တယ်လို့ DailyMail သတင်းစာက ဖော်ပြခဲ့ပါတယ်။ ရှေးဟောင်းမြို့ရိုးတစ်ခုကို တူးဖော်ရင်းအခုလို တွေ့ရှိခဲ့တာဖြစ်ပြီး ပညာရှင်တွေကတော့ ဒီ ရွံစေးရုပ်ထုရဲ့ သက်တမ်ဟာ နှစ်ပေါင်း ၅၀၀၀ လောက်အထိ ရှိခဲ့ပြီလို့ ကောက်ချက်ချခဲ့ကြပါတယ်။

အဆိုပါ ဝက်မျက်နှာပုံရှိတဲ့ အရုပ်ကလေးဟာ လက်သီးဆုပ်လောက်အရွယ်အစားရှိတဲ့ အရုပ်တစ်ခုဖြစ်ပြီး ဘာကြောင့် ဒီ ရှေးဟောင်းပစ္စည်းလေးတစ်ခုက Angry Bird ဂိမ်းထဲက အရုပ်နဲ့တူနေသလဲဆိုတာကိုတော့ အဖြေရှာမရခဲ့ကြပါဘူး။

WeChat/SichuanCultureandTourismOffice

လက်ရှိအချိန်မှာတော့ ရှေးဟောင်းသုတေသနပညာရှင်တွေက  Sichuan ပြည်နယ်ထဲက Guanghan ဆိုတဲ့ မြို့တစ်မြို့အနားမှာ မြေကြီးအောက်မှာ နစ်မြုပ်နေတဲ့ ရှေးဟောင်းမြို့လေးတစ်မြို့ကို တူးဖော်ရေးပြုလုပ်နေကြပြီး စူးစမ်းရှာဖွေမှုတွေကို ဆက်တိုက်ပြုလုပ်နေကြပါတယ်။ လက်တလော တွေ့ရှိရတဲ့ အချက်အလက်တွေအရ အဲဒီပျောက်ကွယ်နေတဲ့ ရှေးဟောင်းမြို့လေးတစ်မြို့က လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀၀)လောက်က တည်ရှိခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပြီး ကြေးခေတ်က အတော်အသင့်ဖွံ့ဖြိုးခဲ့တဲ့ မြို့တစ်မြို့ဖြစ်တယ်လို့ သိရပါတယ်။

WeChat/SichuanCultureandTourismOffice

ရှာဖွေတွေ့ရှိရတဲ့ ပစ္စည်းတွေ အသုံးအဆောင်တွေအရ အဲဒီမြို့ကလေးဟာ  Mingမင်းဆက်(၁၃၆၈-၁၆၄၄) နဲ့ Qingမင်းဆက်(၁၆၄၄-၁၉၁၂)တို့ကြားမှာ စည်ကားခဲ့တဲ့မြို့တစ်မြို့ဖြစ်တယ်လို့ သိရပါတယ်။ လတ်လောအချိန်မှာတော့ အဲဒီရှေးဟောင်းနယ်မြေကို Guanghan Joint Ruins လို့ အမည်ပေးထားပြီး စတုရန်းမီတာ ၇ ထောင်လောက်အထိတူးဖော်ရရှိခဲ့ပြီးပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လအကုန်အထိ ပညာရှင်တွေက အဲဒီရှေးဟောင်းမြို့ရဲ့ ၄,၅၀၀ စတုရန်းမီတာအထိ လေ့လာစမ်းစစ်မှုတွေ ပြုလုပ်ခဲ့ပြီးပြီလို့သိရပါတယ်။

Twitter/DailyMail

အဆိုပါ Angry Bird ထဲက ဝက်ပုံစံမျက်နှာရှိနေတဲ့ ရွှံ့စေးရုပ်ထုတစ်ခုဟာ အွန်လိုင်းပေါ် ရောက်ရှိလာချိန်မှာတော့ အင်တာနက်အသုံးပြုသူတွေအတွက်  စိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်သွားခဲ့ပြီး “ဒါဟာ အချိန်ခရီးသွားကိစ္စတစ်ခုပဲ”။ “ဒီဝက်အရုပ်က အန်းဂရီးဘတ်ဂိမ်းထဲက အရုပ်ပဲ၊ Copyright ပေးလား ” စသဖြင့် မှတ်ချက်ပေး ရေးသားခဲ့ကြပါတယ်။

အဲဒီရှေးဟောင်းမြို့ကို တူးဖော်ခဲ့ရာမှာ Angry Bird ထဲက ဝက်ရုပ်နဲ့တူတဲ့ အရုပ်အပြင် နဂါးအရုပ်တွေ၊ ဇာမဏီအရုပ်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ရွံအိုးတွေနဲ့ ကံကောင်းစေတဲ့အဆောင်အယောင်တွေကိုပါ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Ye Yint Kyaw

SHARE