ဖြူစင်တဲ့အပြုံးလေးကြောင့် မထင်မှတ်ပဲ ကောင်းမှုတစ်ခုပြုလုပ်ဖြစ်ခဲ့တဲ့ ကလေးမလေး

လှုမှုကွန်ယက်တွေ အသုံးပြုခြင်းရဲ့ ကောင်းကျိုးတစ်ချက်က သတင်းအချက်အလက်တွေကို အချိန်နဲ့အညီ တပြေးညီသိရခြင်းပါ။ တစ်နေ့တာ တွေ့ကြုံနေရတဲ့ လူတွေရဲ့ အခက်အခဲတွေကို အာဏာပိုင်တွေသာမက ကမ္ဘာတစ်ဝှမ်းက လူတွေပါ တခဏတွင်းချင်း သိရှိနိုင်အောင် ဆိုရှယ်မီဒီယာတွေက ကူညီပေးပါတယ်။ အခုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နေတဲ့ ကလေးမလေးရဲ့ဓာတ်ပုံတစ်ပုံကြောင့် လူသွားဖို့အခက်အခဲဖြစ်နေတဲ့ လမ်းတစ်လမ်းကို ဖိလစ်ပိုင်နိုင်ငံက တာဝန်ရှိသူတွေက အားချင်းပြုပြင်ပေးတော့မယ်လို့ သိရပါတယ်။

Nel Tatskieboy Paulines/ Facebook

ဓာတ်ပုံထဲမှာတော့ ဆိုင်ကယ်ပေါ် ထိုင်စီးနေတဲ့ ဖိလစ်ပိုင်နိုင်ငံက ကလေးမလေးနဲ့ ဖခင်ဖြစ်သူကိုမြင်ရမှာပါ။ ကလေးမလေးဟာ သူမရဲ့ကျောင်းဝတ်စုံနဲ့ လက်တွေ ၊ ဆံပင်တွေမှာပါ ရွှံ့တွေပေကြံနေပေမယ့် နုနယ်တဲ့ချစ်စရာမျက်နှာလေးက ပြုံးနေပါတယ်။ ကလေးမလေးရဲ့ ဖခင်ဖြစ်တဲ့ နယ်လ်က အခုလို ရွံ့တောကြီးဖြစ်နေတဲ့ လမ်းနဲ့ ချစ်စရာသမီးလေးရဲ့ ဓာတ်ပုံကို လိုင်းပေါ်မှာတင်ခဲ့တာပါ။ နယ်လ်က တခြားသွားစရာလမ်းမရှိတာကြောင့် ရွှံ့တွေပွနေတဲ့လမ်းကနေ ခေါ်လာတဲ့ သူ့ကိုခွင့်လွှတ်ဖို့ သမီးကလေးကို ပို့စ်ထဲမှာ တောင်းပန်စကားဆိုထားပါတယ်။ ရွှံ့အိုင်ကြီးဖြစ်နေတဲ့ လမ်းတစ်ချို့နေရာတွေမှာဆိုရင် မော်တော်ဆိုင်ကယ်တောင် မောင်းမရပဲ ဘီးနစ်သွားတာမျိုးလည်းရှိကြောင်း နယ်လ်က ဆိုပါတယ်။

READ
(၂၄)နှစ်ကြာ ကွဲကွာခဲ့ရတဲ့ သားအဖနှစ်ယောက်ရဲ့ ကြည်နူးဖွယ် အဖြစ်အပျက်
Nel Tatskieboy Paulines/ Facebook

အခုလိုကြမ်းတမ်းတဲ့ လမ်းထဲသူ့ကိုခေါ်လာပေမယ့် ကလေးမလေးက ဖခင်ကိုအပြစ်တင်ပုံမရပါဘူး။ ရွှံ့တွေပေရက်နဲ့ပဲ ကျောင်းသွားတက်ခဲ့ပါတယ်။ ကလေးမလေးရဲ့ အပြစ်ကင်းပြီး ဖြူစင်လှတဲ့အပြုံးလေးက ချက်ခြင်းပဲ အွန်လိုင်းမှာ ပြန့်နှံ့သွားခဲ့ပြီး စိတ်ပျက်စရာကောင်းတဲ့အချိန်မှာတောင် အကောင်းမြင်စိတ်နဲ့ ပျော်နေနိုင်သေးတဲ့ကလေးကို ချီးမွမ်းခဲ့ကြပါတယ်။ သူမရဲ့ အကြောင်းဟာ ဖိလစ်ပိုင် မာရာဂူဆန်ခရိုင်အာဏာပိုင်တွေကြားထဲမှာလည်း ပြန့်နှံ့သွားခဲ့ပါတယ်။

Nel Tatskieboy Paulines/ Facebook

အာဏာပိုင်တွေက ကလေးမလေးအနေနဲ့ အခုထက်ပိုပြီး ပြုံးပျော်နိုင်အောင် ရွံ့အိုင်ကြီးဖြစ်နေတဲ့လမ်းကို ပြုပြင်ဖို့စီစဉ်ပေးခဲ့ကြပါတယ်။ နောက်ပိုင်းသိရတာက အဆိုပါလမ်းဟာ လမ်းပြုလုပ်ဖို့ မြေဆွထားပြီး အချောမသတ်ပဲ ဒီတိုင်းပစ်ထားတဲ့လမ်းဖြစ်တယ်လို့ သိရပါတယ်။ ကလေးမလေးရဲ့ ဓာတ်ပုံကြောင့် တာဝန်ရှိသူတွေက ပျက်စီးနေတဲ့လမ်းကို ပြုပြင်ပေးနေတဲ့အခိုက်မှာ အခြားသော အွန်လိုင်းအသုံးပြုသူတွေကလည်း တကယ်လို့ ပြုပြင်ဖို့လိုတဲ့လမ်းတွေရှိနေရင် အခုလို လူသိများပြီး တာဝန်ရှိသူတွေထံ သတင်းရောက်အောင် ပြုလုပ်သင့်ကြောင်း မှတ်ချက်ပေးထားကြပါတယ်။

Nel Tatskieboy Paulines/ Facebook

လင်းလင်း (ShweMom)

READ
မြင်သူတိုင်းအူယားစေမယ့် မွေးကင်းစကလေးငယ်လေးရဲ့ မိခင်အနမ်းကို ပြန်ပြီးတုံ့ပြန်ပုံ

Ref: Rachfeed

SHARE