ကမ္ဘာ့ဥာဏ်ကြီးရှင်များအဖွဲ့ မန်ဆာထဲ ၀င်ခွင့်ရတဲ့ (၃) နှစ်အရွယ် ကလေးငယ်လေး

Nur Anira Asyikin Hashim

ဟာရုဇ်က (၇) လသားနဲ့ စကားစပြောတော့ မိခင်ဖြစ်တဲ့ အာနီရာက ကလေးကတော့ ထူးခြားလိမ့်မယ်ဆိုပြီး စသိခဲ့ပါတယ်။ အသက် (၂) နှစ်မှာတော့ ဟာရုဇ်က ညအိပ်ရာဝင်ပုံပြင်တွေကို သူ့ဘာသာသူ ဖတ်နိုင်နေပါပြီ။ အခု အသက် (၃) နှစ်အရွယ်မှာတော့ ဟာရုဇ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အိုင်ကျူအမြင့်ဆုံးသူများအဖွဲ့အစည်း မန်ဆာ(Mensa)ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင်လေးတစ်ယောက် ဖြစ်နေပါပြီ။ ဟာရုဇ်ရဲ့ မိဘတွေက အာနီရာနဲ့ မိုဒ်ဖြစ်ပါတယ်။ မိဘနှစ်ယောက်စလုံးက အင်ဂျင်နီယာတွေပါ။

“ကျွန်တော်တို့ နှစ်ယောက်က ကလေးခုမှ ယူတာပါ။ ဒါကြောင့် ကလေးတွေရဲ့ဥာဏ်ရည်နဲ့ ပတ်သက်လို့ အတွေ့အကြုံလည်း မရှိပါဘူး။ သားလေးက မူကြိုကျောင်းတက်ကတည်းက မူကြိုဆရာမတွေက ကလေးဟာ သာမန်ကလေးတွေထက် ပိုတော်တယ်ဆိုပြီး ပြောခဲ့တာပါ။ မူကြိုမှာ သူက သူ့အကြိုက်ဆုံး ပုံပြင်စာအုပ်တွေကို ဖတ်နိုင်နေပြီ။ ပြန်ပြောနိုင်နေပြီ…” လို့ ဟာရုဇ်ရဲ့ ဖခင်က ဆိုပါတယ်။

READ
အံ့မခန်းကကွက်တွေနဲ့ ဒိုင်တွေကို ပါးစပ်အဟောင်းသား ဖြစ်သွားစေတဲ့ ပြိုင်ပွဲဝင်စုံတွဲ
Facebook/Nur Anira Asyikin Hashim

ဟာရုဇ်ဟာ Stanford Binet စစ်ဆေးမှုကို ဖြေဆိုပြီးတဲ့အခါမှာတော့ အိုင်ကျူရမှတ်ပေါင်း (၁၄၂) မှတ်နဲ့ ဗြိတိန်မန်ဆာက အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ဖိတ်ကြားခံရတာပဲ ဖြစ်ပါတယ်။ မန်ဆာဟာ ကမ္ဘာပေါ်က အိုင်ကျူစွမ်းရည် အမြင့်ဆုံးလူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ (၀.၃) ရာခိုင်နှုန်းသာ အဖွဲ့ထဲ ပါဝင်ခွင့်ရတာ ဖြစ်ပါတယ်။ ဟာရုဇ်ကိုတော့ ပါရမီရှင်ကလေးငယ်တွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို အထူးပြုလေ့လာသူ ကျွမ်းကျင်ပညာရှင် လင်းကန်ဒဲလ်က စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Facebook/Nur Anira Asyikin Hashim

မိဘတွေကတော့ ဟာရုဇ်ကို Little Haryz အမည်နဲ့ YouTube ချန်နယ်တစ်ခု ထောင်ပေးထားပါတယ်။ “သားလေးက မန်ဆာအဖွဲ့ဝင်ဖြစ်ပေမယ့် သူက တခြား သူနဲ့ရွယ်တူ ကလေးတွေနဲ့ ဘာမှမထူးပါဘူး။ ဆေးခြယ်တာ၊ ပန်းချီရေးတာ၊ သီချင်းဆိုတာ တွေကို ၀ါသနာပါတယ်။ သူက တီဗီအစီအစဉ်တွေလည်း ကြိုက်တယ်။ သူ့ထက် အသက်ကြီးသူတွေ၊ လူကြီးတွေနဲ့ စကားပြောရတာကိုလည်း အရမ်းကြိုက်တယ်။ ပြီးတော့ သားက ဂဏန်းသင်္ချာတွေကို စိတ်ဝင်စားရတယ်။ စာအုပ်ဖတ်ရတာလည်း ကြိုက်တယ်။ အိမ်မှာတော့  သူ့ကို မလေးလိုပဲ ပြောကြပါတယ်။ ကျောင်းမှာတော့ အင်္ဂလိပ်လိုပြောရတာပေါ့…” လို့ ဆိုပါတယ်။

READ
ချို့တဲ့တဲ့ကလေးတွေကို စာသင်ပေးရင်း အကျိုးပြုနေတဲ့ ကျောင်းသူလေးတစ်ဦး
Facebook/Nur Anira Asyikin Hashim

ဟာရုဇ်ရဲ့ မိဘတွေကတော့ ကလေးရဲ့ မန်ဆာဝင်ခွင့်ရတဲ့အပေါ်မှာ ၀မ်းသာကျေနပ်နေကြပါတယ်။ ဟာရုဇ်လေးအတွက် အောင်မြင်မှုဆီ သွားရာလမ်းကြောင်းမှာ ပထမဆုံးအခြေခံကျတဲ့ အဆင့်လို့လည်း သူတို့က သတ်မှတ်ထားကြပါတယ်။ ဟာရုဇ်လေးရဲ့ မိဘတွေကတော့ ကလေးကို သူစိတ်ပျော်ရာ အားသန်ရာလမ်းကြောင်းဆီ ပံ့ပိုးပေးဖို့နဲ့ ကလေးအပေါ်မှာ ဖိအားပေးတာမျိုးတွေလည်း ပြုလုပ်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ကြောင်း metro သတင်းအရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE