ဂျပန်နဲ့ ဖင်လန်တို့ ပူးပေါင်းပြီး ရာသီဥတုဒဏ်ခံ မောင်းသူမဲ့ ဘတ်စ်ကား တီထွင်မည်

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် retail ကုမ္ပဏီ Muji နဲ့ ဖင်လန်နိုင်ငံက ကားထုတ်လုပ်ရေး ကုမ္ပဏီ Sensible 4 တို့ ပူးပေါင်းပြီး Gacha လို့ အမည်ပေးထားတဲ့ ဘတ်စ်ကားတစ်မျိုးကို တီထွင်ဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ ဘတ်စ်ကားအမျိုးအစား ဖြစ်လာမှာဖြစ်ပြီး ဘယ်လိုဥတုရာသီအခြေအနေမျိုးမှာမဆို ပြေးဆွဲနိုင်မယ့် ဘတ်စ်ကားမျိုး ဖြစ်မယ်လို့ သိရပါတယ်။

designboom

ထိုနောက်ဆုံးပေါ် နည်းပညာသုံး ဘတ်စ်ကားရဲ့ ဒီဇိုင်းကိုတော့ Muji ဘက်က ဆွဲတာဖြစ်ပြီး အင်ဂျင်နဲ့ နည်းပညာပိုင်းကိုတော့ Sensible 4 ဘက်မှ တာဝန်ယူတာဖြစ်ပါတယ်။ ဘတ်စ်ကား အတွင်းဘက်အနေအထားကို ပြောရရင်တော့ လူ ၁၀ ဦးစာ ထိုင်ခုံ ပါရှိမှာဖြစ်ပြီး ၆ ဦး မတ်တတ်ရပ် လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပါတယ်။ အပြင်ဘက်ဒီဇိုင်းကတော့ အနည်းငယ် လုံးဝန်းတဲ့ အနေအထားဖြစ်ပြီး အရှေ့ဘက်နဲ့ အနောက်ဘက် မခွဲထားဘဲ ပုံစံတူ တည်ဆောက်ထားမှာ ဖြစ်ပါတယ်။

READ
ရုံးချိန်ပြင်ပတွင် ဝန်ထမ်းများကိုအီးမေးလ်မှအလုပ်ခိုင်းခြင်းအား တားမြစ်ခဲ့တဲ့ပြင်သစ်
designboom

Gacha ဘတ်စ်ကားကို မိုးသည်းထန်မှု၊ မြူဆိုင်းမှု၊ နှင်းကျဆင်းမှု စတဲ့ ရာသီဥတုအခြေအနေ အားလုံးမှာ ပြေးဆွဲနိုင်အောင် ထုတ်လုပ်စမ်းသပ်နေပါတယ်။ အဓိကကတော့ ဖင်လန်နိုင်ငံမှာ ပထမဦးဆုံး အဓိကပြေးဆွဲမှာ ဖြစ်တဲ့အတွက် ဖင်လန်နိုင်ငံရဲ့ ရှည်လျားတဲ့ ဆောင်းဥတုဒဏ်ကို ခံနိုင်အောင် ရည်ရွယ်ထုတ်လုပ်တာ ဖြစ်ပါတယ်။ “ပြည်သူတွေအတွက် နေ့စဉ်သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ဝန်ဆောင်မှု ပေးနိုင်ဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့ ဒီယာဉ်ကို တီထွင်တာပါ။ မောင်းသူမဲ့ ယာဉ်တွေဟာ ရာသီဥတုဒဏ်မျိုးစုံကို ခံနိုင် မခံနိုင် မသေချာခင်အထိတော့ တရားဝင်ပြေးဆွဲလို့ မရသေးပါဘူး” လို့ Sensible 4 ရဲ့ စီအီးအို Harri Santamala က ပြောခဲ့ပါတယ်။

designboom

အခုဆိုရင်တော့ Gacha ဘတ်စ်တွေကို အာတိတ်ဝင်ရိုးစွန်းဒေသမှာ ယာဉ်ရဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်ကို စမ်းသပ်ဖို့ အစမ်းပြေးဆွဲလျက်ရှိပါတယ်။ ၂၀၁၉ မတ်လမှာတော့ ဖင်လန်နိုင်ငံရဲ့ မြို့တော် Helsinki အပါအဝင် မြို့ ၃ မြို့မှာ စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။

READ
အိပ်ပျော်နေစဉ် ဟောက်သံမထွက်အောင်ပြုလုပ်ပေးမဲ့ Smart Bed

Ref: Fast Company, Designboom

SHARE