တရုတ်ပြည်မှာ ပညာသင်ခွင့်ရသွားပြီဖြစ်တဲ့ ဘာသာစကားမျိုးစုံတတ်တဲ့ ကမ္ဘောဒီးယားကောင်လေး

အရင်တုန်းက ဆိုရှယ်မီဒီယာပေါ်မှာ ဘာသာစကားမျိုးစုံတတ်တာကြောင့် ကျော်ကြားခဲ့ဖူးတဲ့ ကမ္ဘောဒီးယားအမျိုးသားလေး သပ်ခ်ျဆာလစ်ခ်ဟာ အခုဆိုရင် တရုတ်နိုင်ငံကို ပညာတော်သင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ခတ်ချန်းကနေ (၁၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ သပ်ခ်ျဆာလစ်ခ်ကို စရိတ်အကုန်အကျခံကာ ပညာတော်သင်လွှတ်ပေးခဲ့တာပါ။

(Photo: Facebook / Thuch Salik)

ခတ်ချန်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ မေလ (၁၂) ရက်နေ့တုန်းက ဆာလစ်ခ်ကို ဖေ့စ်ဘုတ်မှာ နှုတ်ဆက်လိုက်ပြီး ကြိုးစားဖို့နဲ့ နိုင်ငံသားကောင်းဖြစ်အောင် ကြံဆောင်ဖို့ စကားဆိုခဲ့ပါတယ်။ လက်ရှိမှာ ဆာလစ်ခ်ဟာ ဇီကျန်းပြည်နယ်မှာရှိတဲ့ ဟိုင်လျန်းနိုင်ငံခြားဘာသာစကားကျောင်းမှာ စာဖတ်နေပါတယ်။ ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ ဗီဒီယိုတစ်ခုမှာတော့ တနင်္လာနေ့မှာ ဆာလစ်ခ်ကို သူတက်ရောက်မယ့် ကျောင်းက ကျောင်းသားတွေနဲ့ ကျောင်းကော်မတီအဖွဲ့ဝင်တွေက လာကြိုကြတာကိုလည်း တွေ့ရပါတယ်။

(Photo: Facebook / Thuch Salik)
(Photo: Facebook / Thuch Salik)

ဆာလစ်ခ်ကို ကျောင်းက ပန်းစည်းပေးတဲ့အပြင် သူ့အတွက်အကလေးတွေနဲ့တောင် ဖျော်ဖြေခဲ့ပါသေးတယ်။ ဆာလစ်ခ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကမှ အင်တာနက်မှာ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်၊ မန်ဒရင်း၊ ဂျပန်၊ ထိုင်း၊ ပြင်သစ်အပါအ၀င် ဘာသာစကား (၁၀) မျိုးလောက်ကို ပြောတတ်တဲ့ သူ့ကို မလေးရှားကမ္ဘာလှည့်ခရီးသည်တစ်ဦးက ဗီဒီယိုရိုက်ပြအပြီးမှာ သူဟာ ကမ္ဘာကျော်လာတာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဆာလစ်ခ်ဟာ အန်ကောဝပ်ကို အလည်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို အမှတ်တရ လက်ဆောင် ပစ္စည်းလေးတွေ ရောင်းချနေခဲ့တာ ဖြစ်ပါတယ်။

READ
ယူနီဖောင်နဲ့လည်းလိုက် အပြင်မှာလည်းမိုက်တဲ့ စစ်သမီး၊ ရဲမေများ

ဆာလစ်ခ်က သူဟာ အသက်(၁၁) နှစ်မှာတော့ ဘာသာစကားတစ်မျိုးတည်းကိုသာ တတ်ကျွမ်းပြီး ကျန်တဲ့ဘာသာစကားတွေကိုတော့ အချိန်(၃) နှစ်ကြာအပြီးမှာ တတ်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ ဆာလစ်ခ်ဟာ ဈေးရောင်းပြီး ပိုက်ဆံရှာရင်း မောင်နှမတွေရဲ့ ကျောင်းစရိတ်ဖိုးအပြင် မိသားစုအကြွေးတွေပါ ဆပ်နေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆာလစ်ခ်ဟာ အွန်လိုင်းမှာ နာမည်ကျော်လာပြီးတဲ့နောက်ပိုင်း သူ့ကို ပံ့ပိုးပေးသူတွေ လှူဒါန်းသူတွေ များလာတာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရတဲ့ ဓာတ်ပုံတွေထဲမှာတော့ ဆာလစ်ခ်ဟာ သူ့ကို ပညာတော်သင်ပို့ပေးတဲ့ ခတ်ချန်းရဲ့ မိသားစုနဲ့ အတူ ရင်းရင်းနှီးနှီးရှိနေခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

(Photo: Facebook / Thuch Salik)

လင်းလင်း (ShweMom)

Ref: channelnewsasia

SHARE