(၁၉)ရက်သာရှိသေးတဲ့ သားကို ရိုက်သတ်သည့် မိခင်အား ထောင်ဒဏ်တစ်သက်ချမှတ်

Nicola Brown လို့ အမည်ရတဲ့ အသက် 43 နှစ်အရွယ် အမျိုးသမီးဟာ ရက်သားအရွယ်သာရှိသေးတဲ့ မွေးကင်းစ သားငယ် Jake Long ကို သေစေသည်အထိ ရိုက်သတ်ခဲ့တဲ့အတွက် အခုအခါမှာတော့ တရားရုံးက ထောင်ဒဏ် တစ်သက် စီရင်ခဲ့တယ်လို့ သိရပါတယ်။ သူမဟာ အဲဒီထောင်ဒဏ်တွေထဲမှာ အနည်းဆုံး ထောင်ဒဏ် 14 နှစ်ခွဲအထိ ကျခံရဖို့ ရှိပါတယ်။

Brown ဟာ ကလေးကို ရိုက်နှက်ရာမှာ တုတ်ကဲ့သို့သော မာကျောတဲ့အရာဝတ္ထုကို သိသိကြီးနဲ့ အသုံးပြုခဲ့ပါတယ်။ ကလေးငယ် Jake မှာ ဦးခေါင်းခွံကွဲအက်ဒဏ်ရာ၊ ဦးနှောက်တွင်း သွေးယိုစီးဒဏ်ရာ၊ မျက်လုံးမှ သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ ဆေးစစ်ချက်အဖြေအရ ကလေးငယ်မှာ အရိုးကျိုးဒဏ်ရာ 17 ခုအထိ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

READ
အခေါင်းထဲထည့်ပြီး အရှင်လတ်လတ် မြေမြှုပ်ပစ်တဲ့ စိတ်ရောဂါကုထုံးအသစ်

မိခင်ဖြစ်သူ Brown ဟာ ရဲတပ်ဖွဲ့ကို လိမ်လည်ခေါ်ဆောင်ခဲ့ပြီး၊ သူမရဲ့ ကလေးဟာ ပုခက်ထဲကနေ ပြုတ်ကျပြီး၊ အသက်မရှုတော့ကြောင်း လိမ်လည်တိုင်တန်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ Portsmouth, Hants မှာရှိတဲ့ နေအိမ်ကို အရောက်မှာ ကလေးက သေဆုံးနေခဲ့ပါပြီ။

ရဲတပ်ဖွဲ့ဝင်တွေဟာ အတွေ့အကြုံရှိသူများပီပီ မိခင်ကိုယ်တိုင်ကလေးကို သတ်ပစ်ခဲ့တာလို့ ရိပ်မိကာ ချက်ချင်းဖမ်းဆီးခဲ့ပါတယ်။ ကနဦးတုန်းကတော့ ခင်ပွန်းသည် Jason Brown ကိုပါ တရားခံစာရင်းထဲကို ထည့်သွင်းခဲ့ပေမယ့် သူကတော့ လူသတ်မှုစွဲချက်မှ ကင်းလွတ်ခဲ့ပါတယ်။

တရားသူကြီးတွေရဲ့ ယူဆမှုမှာတော့ Brown ဟာ မျှော်လင့်မထားဘဲ ကိုယ်ဝန်ကို လွယ်ခဲ့ရပြီး၊ သိရှိချိန်မှာ လလွန်နေပြီမို့ သူမရဲ့ ဆရာဝန်ကိုလည်း ဒီအကြောင်းအသိပေးရင် ပြဿနာတစ်ခုခု ဖြစ်နိုင်တယ်လို့ တွက်ချက်မိပုံရပါတယ်။ ဒါကြောင့် မွေးဖွားအပြီးမှာ ကိစ္စတုန်း စီရင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

READ
နတ်ဆရာကမကောင်းဆိုးဝါးဝင်နေတဲ့အမျိုးသမီးကို တုတ်နဲ့မောင်းထုတ်တဲ့နီပေါကဓလေ့

ကလေးသေဆုံးပြီးမှ Jason နဲ့ လက်ထပ်ခဲ့တာမို့ ဒီကိစ္စကို နှစ်ဦးသဘောတူကျူးလွန်ခြင်းဆိုတာထက် တစ်ယောက်တည်း ကြိတ်ပြီးကြံစည်ခဲ့ပုံရပါတယ်။ စုံစမ်းစစ်ဆေးရေးအရာရှိ Scott MacKechnie က ” Brown ကို တရားမျှမျှတတ စီရင်နိုင်ခဲ့တယ်ဆိုပေမယ့် ကလေးငယ် သေဆုံးမှုကတော့ နှမြောစရာကောင်းသလို၊ အလွန်လည်း ၀မ်းနည်းစရာကောင်းပါတယ် “လို့ မှတ်ချက်ပြုခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE