ဖြုတ်တွေကို အလွယ်ကူဆုံး ဖယ်ရှားနိုင်တဲ့နည်းလမ်း မျှဝေခဲ့တဲ့ အိမ်ရှင်မတစ်ဦး

Pixabay

အစားအသောက်ရှိရာနေရာတွေဆီကို ယင်၊ ပုရွက်ဆိတ်၊ ပိုးဟပ်စတဲ့ သတ္တ၀ါတွေလာကြပါတယ်။ သူတို့ဟာ သူတို့တွေနဲ့အတူ ရောဂါပိုးတွေကိုပါ သယ်ဆောင်လာလေ့ရှိတာကြောင့် မုန်းစရာကောင်းတဲ့ သတ္တ၀ါတွေလည်း ဖြစ်ပါတယ်။ ဒီသတ္တ၀ါတွေထဲကမှ နေရာစုံမှာနား၊ နေရာစုံကို ပျံသန်းလေ့ရှိတဲ့ ယင်ကောင်၊ ဖြုတ်ကောင်တွေဟာ ပိုပြီးရွံရှာဖွယ်ပါပဲ။ အိုင်ယာလန်က တီနာစမစ်အမည်ရတဲ့ အမျိုးသမီးတစ်ဦးကတော့ သစ်သီးတွေပေါ်လာနားတတ်တဲ့ (ယင်ကောင်အမျိုးအစားပဲဖြစ်တဲ့) ဖြုတ်ကောင်တွေကို သူမက အလွယ်ဆုံးဘယ်လိုဖမ်းခဲ့တယ်ဆိုတဲ့ နည်းလမ်းမျှဝေထားတာကို ladbible မှာ တွေ့ရပါတယ်။

Wikimedia Commons

တီနာဟာ အသီးအနှံတွေပေါ်လိုက်နားတဲ့ ဖြုတ်တွေကို အတော်ကြီးမုန်းပါတယ်။ သူမရဲ့ မီးဖိုချောင်ထဲမှာ သစ်သီးတွေသိပ်ထားလေ့မရှိပေမယ့်လည်း ဖြုတ်တွေကို မြင်မြင်နေရတာ တီနာက သိပ်မကြိုက်လှပါဘူး။ ဒီတော့ ဖြုတ်တွေဝေးဝေးပြေးအောင် တီနာက နည်းလမ်းတစ်ခုကို ကြံဆပါတယ်။ သူမရဲ့ နည်းလမ်းကတော့ ဒီလိုပါ။ တီနာဟာ ပန်းသီးဗီနီကာ apple cider vinegar ကို လက်ဖက်ရည်ခွက်ကလေးတွေထဲ နည်းနည်းစီထည့်လိုက်ပါတယ်။

READ
လူတွေကို ကောင်းကောင်းလိမ်ခဲ့တဲ့ ဓာတ်ပုံများရဲ့ နောက်ကွယ်က အမှန်တရား

ပြီးတော့ အပေါ်ကနေ (စူပါမားကတ်တွေမှာ အသီးတွေပေါ် အုပ်လေ့ရှိတဲ့) ပလတ်စတစ်အကြည်အပါးကို ခွက်ပေါ်မှာ အုပ်လိုက်ပါတယ်။ နောက်ပြီးတော့ (အောက်က ပုံမှာ ပြထားသလို) အပေါက်လေးတွေ ဖောက်ပြီး ဒီတိုင်းထားလိုက်ပါတယ်။ မကြာပါဘူး။ ဖြုတ်ကောင်တွေက ဗီနီကာအနံ့ရတော့ ပလတ်စတစ်မှာ ဖောက်ထားတဲ့ အပေါက်လေးတွေကနေ ခွက်ထဲကို တိုးပြီး ၀င်သွားကြပါတယ်။ ပြီးတော့ သူတို့တွေ အပြင်ပြန်မထွက်တတ်တော့ပဲ ဗီနီကာရည်ထဲမှာ နစ်သွားရပါတော့တယ်။ တီနာကတော့ ဒီနည်းလမ်းနဲ့ သူမက ဖြုတ်ကောင်တွေကို ရှင်းနေတဲ့အကြောင်း ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ်။

Facebook/Tina Smith

တီနာက “နာရီဝက်လောက်နဲ့တင် ကျွန်မ ဖြုတ်အကောင် (၂၀) လောက်ဖမ်းမိတယ်။ ကျွန်မအိမ်ထဲမှာ ဖြုတ်တွေကို မရှိစေချင်ဘူးလေ။ အခုသုံးတဲ့ နည်းကတော့ တော်တော်အလုပ်ဖြစ်ပါတယ်…” ဆိုပြီး ပြောပြပါသေးတယ်။ ဖြုတ်တွေဟာ လူ့ကျန်းမာရေးကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို ကူးစက်ပြန့်နှံ့စေနိုင်ပါတယ်။ အကြောင်းရင်းကတော့ ဒီကောင်တွေဟာ အမှိုက်ပုံတွေထဲလည်း သွားသလို အချဉ်ပေါက်နေတဲ့ အစားအသောက်တွေ၊ ပုပ်သိုးဆွေးမြေ့နေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ရေဆင်းပေါက်တွေပါ မကျန် နားပြီး ပျံသန်းသွားလာနေတာကြောင့် ရောဂါပိုးမွှားတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ဒါကြောင့် ဖြုတ်ကောင်တွေဟာ လူတွေအတွက် စိတ်ရှူပ်စရာကောင်းရုံတင်မဟုတ်ပါဘူး။ အခန့်မသင့်ရင် ၀မ်းဗိုက်မအီမသာဖြစ်တာ၊ ၀မ်းပျက်ဝမ်းလျှောရောဂါပိုးတွေကိုပါ သယ်ဆောင်လာနိုင်တာကြောင့် သတိပြုသင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

READ
လူကြားထဲ ကန့်လန့်ဖြစ်နေတတ်တဲ့ Introvert လေးတွေ သိထားသင့်တဲ့ အကြောင်းအရာ

လင်းလင်း (ShweMom)

SHARE