ခြေထောက်အောက်က စကိတ်ဘုတ်ဟာ အနုပညာတစ်ခုပါပဲလို့ဆိုတဲ့ Myanmar Skateboard Club

တူညီတဲ့ဝါသနာတစ်ခုပေါ်မှာ ရည်ရွယ်ချက်အတူတူ၊ စည်းလုံးညီညွတ်စွာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းကို Squad တစ်ခုလို့ တင်စားမယ်ဆိုရင် လူငယ်တွေ အားကျလောက်တဲ့ Squad တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ Myanmar Skateboard Club ဟာ စကိတ်ဘုတ်စီးရတာ နှစ်သက်တဲ့ ၀ါသနာတူ လူငယ်တွေ စုရုံးပြီး ပျော်ရွှင်လွတ်လပ်စွာ လှုပ်ရှားနေတဲ့ အားကစားအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ယခင်က စကိတ်ဘုတ်အဖွဲ့များစွာ ရှိခဲ့ပေမယ့် ၀ါသနာတူတဲ့ လူငယ်တွေအားလုံး စုစုရုံးရုံးနဲ့ ပျော်ပျော်ရွှင်ရွှင်၊ စနစ်တကျ စကိတ်စီးနိုင်ဖို့ Myanmar Skateboard Club ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီကလပ်ကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ “မြန်မာနိုင်ငံမှာ စကိတ်ဘုတ်စီးတဲ့ အားကစား တိုးတက်လာအောင်၊ စကိတ်စီးချင်တဲ့သူတွေကိုလည်း စကိတ်သင်ပေးနိုင်အောင်၊ ပြီးတော့ စကိတ်ကွင်းတွေကိုလည်း ရေရှည်တည်တံ့အောင် ပြုပြင်ထိန်းသိမ်းပေးချင်လို့ပါ”လို့ Myanmar Skateboard Club ရဲ့ တာဝန်ခံ ကိုပီဦးက ပြောကြားပါတယ်။

ကလပ်ရဲ့အဖွဲ့ဝင်အနေနဲ့ကတော့ စကိတ်စီးတဲ့လူအချင်းချင်း လူမှုကွန်ယက်တွေမှာ ဆက်သွယ်နေတာဖြစ်တဲ့အတွက် အများအပြား ရှိတယ်လို့ ဆိုပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပုံမှန်စီးနေတဲ့ လူအရေအတွက်ကတော့ နှစ်ရာကျော်ခန့်ရှိပြီး ရန်ကုန်အတိုင်းအတာမှာတော့ ငါးဆယ်ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မှာ ဗဟန်းစကိတ်ကွင်းနဲ့ မြလေးရုံစကိတ်ကွင်း နှစ်ကွင်းရှိပြီး လူငယ်အများစု ပါဝင်စီးနင်းနေကြသလို ကလေးသူငယ်တွေလည်း လာရောက်ပါဝင်လေ့ရှိတယ်လို့ သိရပါတယ်။ စိတ်ဝင်စားလို့ ကလပ်ထဲမှာ လာရောက်ပါဝင်တဲ့ ကလေးတွေကိုတော့ အဖွဲ့ဝင်လူကြီးတွေက သေသေချာချာ ဂရုတစိုက်နဲ့ ထိခိုက်ဒဏ်ရာမရအောင် ကြီးကြပ်သင်ကြားပေးတယ်လို့ သိရပြီး လိုအပ်တဲ့ အားကစားပစ္စည်းတွေကိုလည်း တတ်နိုင်သလောက် ပြန်လည်ဝေမျှပေးတဲ့ ဓလေ့ထုံးတမ်းလေးတစ်ခုကလည်း ဒီကလပ်ထဲမှာ ချစ်စဖွယ် တည်ရှိနေတယ်လို့ ဆိုပါတယ်။

READ
လူပြောများလို့ စမ်းကြည့်ရာကနေ သင့်ဝက်ခြံတွေကို ပိုဆိုးစေနိုင်တဲ့အလွဲများ

စကိတ်စီးအားကစား အမျိုးမျိုးရှိတဲ့အထဲက စကိတ်ဘုတ်အားကစားရဲ့ ကွဲပြားမှုကို မေးမြန်းခဲ့ရာမှာတော့ “ကျွန်တော်တို့စီးတဲ့ စကိတ်ဘုတ်က လမ်းတွေပေါ်မှာ trick တွေလုပ်ရင်း စီးရတဲ့ဟာပေါ့။ ဒါက extreme sport တစ်မျိုး ဖြစ်တယ်။ transportation အတွက်စီးတဲ့ စကိတ်ဘုတ်လေးတွေကတော့ သပ်သပ်ရှိတယ်။ သူတို့က ပိုသေးတယ်။ ဒီဟာနဲ့ယှဉ်ရင် အန္တရာယ်ကတော့ နည်းတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အပြင်းစားကို ကြိုက်တဲ့လူတွေဆိုတော့ အဲ့ဟာလေးတွေကို သိပ်သဘောမကျဘူး”လို့ ကိုပီဦးက ပြောပြပါတယ်။

စကိတ်ဘုတ်ဆိုတာဟာ အားကစားတစ်ရပ်ဆိုတာထက်ပိုပြီး အနုပညာတစ်ရပ်အနေနဲ့ရော ဖော်ပြနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ “စကိတ်ဘုတ်က ကိုးဆယ်ခုနှစ်ဝန်းကျင်မှာ စပြီး ခေတ်စားခဲ့တာပေါ့။ အရင်တုန်းက 4 elements ဆိုပြီး ရှိတယ်။ အဲ့ထဲမှာ Skateboard ပါတယ်။ Gravity ပါတယ်။ Street Dance နဲ့ BMX ပါတယ်။ နောက်ပိုင်းကျတော့ လူပိုသိလာတယ်။ ပိုတွင်ကျယ်လာတယ်ပေါ့။ ကျွန်တော်တို့အခုစီးနေတဲ့ စကိတ်ဘုတ်ကလည်း ကျွန်တော်တို့ရဲ့အနုပညာပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ ကျွန်တော်တို့ခြေထောက်အောက်မှာ ဖန်တီးထားတဲ့ အရာတွေပါ”လို့ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

Myanmar Skateboard Club ကို စိတ်ဝင်စားလို့ လာရောက်ပါဝင်တဲ့ အဖွဲ့ဝင်အသစ်တွေဟာ ပထမတော့ စကိတ်ဘုတ်စီးချင်တဲ့ ရည်ရွယ်ချက်တစ်ခုသာ ရှိခဲ့ပေမယ့် စကိတ်ကွင်းကိုလာပြီး အခြားအဖွဲ့ဝင်တွေနဲ့အတူ စီးရတဲ့အခါမှာတော့ ခင်မင်ရင်းနှီးမှုတွေက သူတို့ကြားမှာ မထင်မှတ်ထားလောက်အောင် မြန်ဆန်တိုးတက်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။ သူ့စိတ်ကိုယ့်စိတ်ကို နားလည်သဘောပေါက်ပြီး တကယ်ကို ချစ်ခင်ရင်းနှီးကြတဲ့ အဖွဲ့လေးတစ်ဖွဲ့ ဖြစ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် စကိတ်မစီးဖြစ်တော့ရင်တောင် အဆက်အသွယ်ကတော့ အမြဲတမ်း ရှိနေတဲ့အထိ ခင်မင်မှုသံယောဇဉ်က ရှိနေကြတယ်လို့ သိရပါတယ်။

READ
သင့်ကလေးဘ၀ကို ပျော်ရွှင်အောင်မြင်စေဖို့ ပြုလုပ်ပေးရမယ့်နည်းလမ်းများ

အိမ်ကမိဘတွေ အဆင်ပြေကြည်ဖြူဖို့အတွက် ဘာတွေလိုမလည်းဆိုတဲ့ မေးခွန်းမှာတော့ “ဒီခေတ်က အပျော်အပါးတွေ အရမ်းများလာတယ်။ လိုင်းတွေစုံလာတယ်ပေါ့။ အဲ့အချိန်မှာ ကိုယ်ကဟိုဟာလည်းပါ၊ ဒီဟာလည်းပါ ပွဲတိုင်းကျော်နေရင်တော့ အိမ်နဲ့အဆင်မပြေလောက်ဘူးပေါ့။ ကိုယ်ဝါသနာပါတာလေးကိုပဲ သေသေချာချာလေးလုပ်၊ အိမ်ကိုလည်း တတ်နိုင်တာ ၀ိုင်းကူပေး၊ ကျန်တာကို ထိန်းထိန်းသိမ်းသိမ်းနေမယ်ဆိုရင်တော့ အဆင်ပြေပါတယ်”လို့ ကိုပီဦးက ပြောပါတယ်။

ဝါသနာရှင်တွေ စုရုံးဖွဲ့စည်းထားတဲ့ Myanmar Skateboard Club ရဲ့ အဓိကပန်းတိုင်ကတော့ ငယ်ရွယ်တဲ့ လူငယ်တွေ သေသေချာချာ လေ့ကျင့်ပြီး နိုင်ငံတကာမှာ သွားပြိုင်ဖို့နဲ့ ဆုတွေယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ ပံ့ပိုးမှုအများကြီးမရှိဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ ရုန်းကန်နေရတာကြောင့် အခက်အခဲတွေရှိနေပေမယ့်လည်း နိုင်ငံတကာ ရောက်နိုင်ဖို့တော့ ကြိုးစားသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလိုနဲ့ အနာဂတ်အတွက် တက်ကြွတဲ့ခွန်အားတွေ၊ လွတ်လပ်ပျော်ရွှင်စွာနဲ့ မိမိဝါသနာကို အကောင်အထည်ဖော်နေတဲ့ သတ္တိတွေနဲ့ လူငယ်ထုရဲ့ ပြင်းပြတဲ့ စိတ်အားထက်သန်မှုကို စကိတ်ဘုတ်သမားတွေဆီမှာ တွေ့ခဲ့ရတာက အခြားသော လူငယ်တွေအတွက်လည်း တကယ်ကို အားကျအတုယူစရာကောင်းပါတယ်။


ဒီအဖွဲ့လေးအကြောင်း ဖတ်ပြီးသွားလို့ ကိုယ့်ရဲ့ရင်ဘတ်ချင်းတူတဲ့ ဘော်ဒါတွေကို သတိရသွားပါသလား။ ဒါဆိုရင် သင်လည်း သင့်ရဲ့ဘော်ဒါအဖွဲ့နဲ့အတူ နာမည်ကြီးနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ သင့်အဖွဲ့နဲ့အတူ လက်ရှိလှုပ်ရှားနေတဲ့ ပုံရိပ်တွေကို အထာကျကျ ရိုက်ထားတဲ့ ဓာတ်ပုံမျိုးနဲ့ ရန်ကုန်မြို့လယ်ခေါင်က billboard ပေါ်မှာ သူငယ်ချင်းတွေအတူတူ နာမည်ကျော်ကြားနိုင်မှာပါ။ Max+ Myanmar က ပြုလုပ်နေတဲ့ ဒီပြိုင်ပွဲကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီနေရာကို နှိပ်ပြီး အသေးစိတ် သွားရောက်စုံစမ်းကာ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်နော်။ အားလုံးပဲ ကိုယ့် Squad နဲ့အတူ ပျော်စရာအချိန်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။

SHARE