အမေရိကန်မြစ်ရေပြင်ထဲ ရုတ်တရက်ပေါ်လာတဲ့ ဧရာမရေခဲစက်ဝိုင်းကြီးရဲ့ထူးခြားဖြစ်စဉ်

အမေရိကန်နိုင်ငံ အလယ်ပိုင်းက မြစ်တစ်စင်းထဲမှာ ထူးထူးဆန်းဆန်းလည်နေတဲ့ ဧရာမရေခဲစက်ဝိုင်းကြီးတစ်ခုဟာ ရုတ်တရက်ပေါ်လာခဲ့ပါတယ်။ မြို့ခံတွေကတော့ ဒီလိုထူးဆန်းတဲ့အဖြစ်ဟာ ဂြိုလ်သားတွေ ကမ္ဘာပေါ်ခြေချလာတာကြောင့်လို့ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ နောက်ပြောင်ပြောဆိုနေကြပါတယ်။ ဧရာမရေခဲစက်ဝိုင်းကြီးဟာ ပေ(၃၀၀) အကျယ်အ၀န်းရှိပြီး အမေရိကန်နိုင်ငံ မိန်းပြည်နယ်က ပရီဇန်းပ်စကော့တ်မြစ်ထဲ အလိုအလျောက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

CITY OF WESTBROOK

မြစ်ရေစီးကြောင်းတွေက တွန်းတိုက်တာကြောင့် ရေခဲချပ်အ၀ိုင်းကြီးဟာ မြစ်ရေပြင်ထဲမှာ ပတ်ချာလည်လှည့်ပြီး မျောပါနေတာ ဖြစ်ပါတယ်။ မြို့အာဏာပိုင်တွေကတော့ ရေခဲချပ်ကြီးဟာ အပြာနဲ့ အဖြူရောနေတဲ့ အရောင်အဆင်းရှိတယ်လို့ ဆိုပြီး ကောင်းကင်က လဟာ မိန်းပြည်နယ်က ၀က်စ်ဘရုခ်မြို့ထဲ ဆင်းချလာတယ်လို့ တင်စားနေကြပါတယ်။ အ၀ိုင်းကြီးဟာ နာရီပြောင်းပြန်သွားအတိုင်း လည်နေတယ်လို့ ဒေါက်ဂ်ဘာတယ်လ်မန်းဆိုသူရဲ့ ပြောပြချက်အရ သိရပါတယ်။

CITY OF WESTBROOK

ဘောင်းဒွင်းကောလိပ်က ရူပဗေဒပရော်ဖက်ဆာတစ်ဦးကတော့ အခုလိုထူးခြားဖြစ်စဉ်ဟာ ကမ္ဘာ့လည်ခြင်းကြောင့် အရာဝတ္ထုအသီးသီး တွေ့ကြုံခံစားရမယ့် Coriolis force ကြောင့် ဖြစ်ပွားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ထူးခြားပြီး လှပတဲ့အရာတစ်ခုပါလို့လည်း ပရော်ဖက်ဆာက ဆိုပါတယ်။ ရေခဲစက်ဝိုင်းကြီးရဲ့ သီအိုရီနဲ့ ပတ်သက်လို့ မြို့ခံတွေက အမျိုးမျိုးသုံးသပ်လျက်ရှိနေပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း ရေခဲချပ်ကြီးဟာ ပိုလို့တောင် ကြီးမားလာနိုင်တယ်ဆိုပြီး သုံးသပ်နေသူတွေ ရှိပါတယ်။

READ
ဖားကျောကုန်းပေါ်က ပုရစ်ကို လျှပ်တပြတ် လျှာနဲ့ဖမ်းဆွဲကာ စားသောက်ခဲ့တဲ့ ပုတ်သင်ညို
CITY OF WESTBROOK

“အာကာသထဲက ဓာတ်ပုံတွေနဲ့ အတူသား…” လို့ ပြောနေသူတွေရှိသလို “ဂြိုလ်သားတွေ ဆင်းလာတဲ့ နေရာပဲ…” လို့ ဆိုနေသူတွေလည်း ရှိပါတယ်။ ၄င်းမြစ်နားက အဆောက်အဦးပိုင်ရှင် ရော့ဘ်မစ်ရှဲလ်ဆိုသူကတော့ “အဲဒီအချပ်ကြီးပေါ်မှာ ဘဲတွေတောင် ရှိနေခဲ့သေးတယ်။ ဘဲတွေက အ၀ိုင်းကြီးပေါ်မှာ ၀ိုင်းကြီးပတ်ပြီး ထိုင်စီးနေကြတာ။” လို့  သူတွေ့ခဲ့တာကို ပြန်ပြောခဲ့ပါတယ်။ ရုတ်တရက်ပေါ်လာတဲ့ ၄င်းဧရာမရေခဲချပ်ကြီးကြောင့် လူတွေဟာ သို့လောသို့လောဖြစ်နေကြပြီး အာဏာပိုင်တွေကတော့ ရေခဲချပ်ကြီးဖြစ်ပေါ်လာခြင်းရဲ့ အဓိကအကြောင်းကို တစ်စုံတစ်ရာမထုတ်ပြန်သေးကြောင်းသိရပါတယ်။

လင်းလင်း (ShweMom)

Ref: thesun, centralmaine

SHARE