ဗီဒီယိုရိုက်ဖို့ကြိုးစားနေတဲ့ကလေးမလေးကို ဆောင့်ကန်ခဲ့တဲ့ တရုတ်အဆိုတော်

Twitter / TODAY

တရုတ်နိုင်ငံက နာမည်ကြီး အမျိုးသမီးအဆိုတော် Na Ying ဟာ ခရီးစဉ်တစ်ခုကနေ ပြန်အရောက်မှာ သူမကို ဗွီဒီယိုရိုက်နေတဲ့ မိန်းကလေးပရိသတ်တစ်ဦးကို နောက်ကျောကို ဆောင့်ပြီး ကန်ခဲ့တဲ့အတွက်၊ လက်တလောမှာ နာမည်ကြီးသတင်းစာတွေက ခေါင်းစည်းတပ်ပြီး ဝေဖန်ခြင်းကို ခံနေရပါတယ်။

Ying ရဲ့အပြုအမူဟာ ပရိုတစ်ယောက်ရဲ့ အပြုအမူမျိုး မဟုတ်ဘဲ၊ သာမန်အရပ်သားတစ်ယောက် ဒေါသအလျှောက် စိတ်လိုလက်ရ ပြူမူသလို နှိုင်းဆခံနေရလို့ သူမရဲ့ ပုံရိပ်လည်း အတော်လေး ထိခိုက်နေပါတယ်။ Straits Times မှာ ဖော်ပြထားတဲ့ သတင်းမှာတော့ ကလေးမလေးက ဆယ်လီတစ်ယောက်တွေ့လို့ ဗွီဒီယိုရိုက်တာကို သူမအနေနဲ့ နှုတ်အားဖြင့် တားဆီးခဲ့ပေမယ့်၊ ဒီလို ကန်ကျောက်တာမျိုး လုံးဝ မလုပ်သင့်ဘူးလို့ ဝေဖန်ထားပါတယ်။

 

Ying ဟာ စက်တင်ဘာ (၂၉)ရက်က Macau ရဲ့တစ်နေရာမှာ အခုလို တိုက်ခိုက်မှု လုပ်ခဲ့တာပါ။ ကလေးမလေးဟာ ဆောင့်ကန်ခံရလို့ နာကျင်တာထက်၊ ဆယ်လီတစ်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာခံလို့ ဝမ်းနည်းပြီး ငိုခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ Ying ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး၊ Ying ပါဝင်မယ့် နောက် Show ပွဲကိုလည်း လက်မှတ်ကြိုဝယ်ထားတဲ့ အထိပါတဲ့။

Ying ကို Natasha Na လို့လည်း တရုတ်တွေက ခေါ်ကြပြီး၊ အနုပညာလုပ်သက် နှစ်(၃၀)အတွင်းမှာ အောင်မြင်တဲ့ အယ်လ်ဘမ် (၁၂)ခုအထိ ဖြန့်ချီနိုင်ခဲ့ပါတယ်။ ကော်ပီချပ်ရေ (၁၀)သန်းအထိ ရောင်းချနိုင်ခဲ့သူဖြစ်ပြီး၊ The Voice of China”. သီချင်းကို ဗားရှင်းပြန်ပြောင်းပြီးဆိုထားတဲ့ “Sing! China” သီချင်းဟာ ယနေ့ထက်တိုင် ခေတ်စားနေဆဲပါ။

ဒီဗွီဒီယိုကို လူမှုကွန်ရက်ပေါ် တင်ခဲ့သူကတော့ ပရိသတ်ကောင်မလေးဟာ Yng နဲ့ အမှတ်တရ ဗွီဒီယိုလေး ရဖို့ ကြိုးစားခဲ့တာဖြစ်ပြီး၊ ဘာမှ အနှောက်အယှက်မပေးခဲ့သလို၊ နာကျင်စေလိုတဲ့သဘောလည်း လုံးဝ မရှိခဲ့ပါဘူးတဲ့။ သူမဟာ ဝယ်ယူထားတဲ့ လက်မှတ်ကိုလည်း စုတ်ဖြဲပစ်ခဲ့တယ်လို့ သိရပါတယ်။ Ying ကတော့ ဘာဖြေရှင်းချက်၊ ဘာတောင်းပန်မှုမှ မလုပ်သေးပါဘူး။

လင်းဇော်ကို

SHARE