GYM တွေ ပိတ်ထားလို့ အရွဲ့တိုက်ပြီး လမ်းပေါ်တက် လေ့ကျင့်ခန်းလုပ်နေကြသူတွေ

Twitter

Covid-19 ကြောင့် နိုင်ငံအများစုမှာ ရုပ်ရှင်ရုံတွေပိတ်၊ ကျောင်းတွေပိတ်၊ ဈေးဝယ်စင်တာတွေ ပိတ်နဲ့ အားလုံး ပိတ်နေကြသလိုမျိုးပဲ အိန္ဒိယနိုင်ငံမှာလည်း လူစည်ကားရာ နေရာအများစုကို အစိုးရက မတ်လ (၃၁)ရက်အထိ ပိတ်ထားခဲ့ပါတယ်။

ညကလပ်တွေ၊ ပြတိုက်တွေ၊ ပျော်ပွဲရွှင်ပွဲတွေ အားလုံးကို ပိတ်ထားခဲ့တာဖြစ်ပြီး Gym တွေကိုပါ ပိတ်ဖို့ အမိန့်ထုတ်ထားခဲ့တာပါ။

အိန္ဒိယနိုင်ငံ၊ မဟာရက်ရှ်ထရာ ပြည်နယ်မှာတော့ အစိုးရက အဲဒီလို အမိန့်ချမှတ်ခဲ့လို့ဆိုပြီး ဒေသခံတွေက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ အများစုက Gym တွေ ပိတ်ဖို့ အမိန့်ထုတ်တာကို မကျေမနပ်ဖြစ်ခဲ့ကြပြီး သူတို့အနေနဲ့ လေ့ကျင့်ခန်းလုပ်စရာ နေရာမရှိတဲ့နောက် လမ်းပေါ်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ မဟာရက်ရှ်ထရာ ပြည်နယ်ထဲက အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်တဲ့ နက်ပါမြို့ထဲမှာ နေထိုင်သူတွေဟာ လမ်းပေါ်ထွက်ပြီး လေ့ကျင့်ခန်းတွေ လုပ်ကုန်ကြတော့တာပါ။ မဟာရက်ရှ်ထရာ ပြည်နယ်ဟာ Covid-19 ဖြစ်ပွားမှု များပြားတဲ့ ပြည်နယ်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး အပြင်မှာ လူစုလူဝေး ပုံစံနဲ့ လေ့ကျင့်ခန်း လုပ်နေကြသူတွေဟာ လူအများရဲ့ ဝေဖန်မှုတွေကို ခံခဲ့ကြရတာပါ။

Covid-19 မကူးစက်ဖို့အတွက် လူစုလူဝေးတွေတင်မကပဲ လူတစ်ဦးနဲ့တစ်ဦး အကွာအဝေးတစ်ခု ခြားပြီး နေထိုင်ရမှာဖြစ်ပေမယ့် ဒီလူတွေကတော့ ကျန်းမာရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းပေါ်မှာ လူတွေစုနေခဲ့ကြတာပါ။

READ
အိန္ဒိယရိုးရာနှုတ်ဆက်နည်းနဲ့ နှုတ်ဆက်ခဲ့တဲ့ အမေရိကန်သမ္မတနဲ့ အိုင်ယာလန်ဝန်ကြီးချုပ်

တွစ်တာသုံးစွဲသူတွေကတော့ ကျန်းမာရေးကောင်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ပဲ ကိုယ့်ကျန်းမာရေးကို ထိခိုက်အောင် လုပ်နေကြသူတွေလို့ မှတ်ချက်ပေးခဲ့ကြပြီး ဒီလူတွေဟာ ကျန်းမာရေးအသိပညာခေါင်းပါးသူတွေ ဖြစ်ကြတယ်လို့ ဝေဖန်နေကြပါတယ်။

အိန္ဒိယနိုင်ငံအတွင်းမှာ Covid-19 ကူးစက်ခံထားရသူ (၁၉၅)ယောက်အထိ မြင့်တက်လာခဲ့ပြီး အသက် (၇၆)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ Covid-19 ကြောင့် သေဆုံးသွားခဲ့ရတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အစိုးရက တပ်ခ်ျမဟာ အပါအ၀င် လူစည်ကားရာနေရာတွေကို ပိတ်ထားလိုက်ပြီး ခရစ်ကက်ပွဲစဉ်တွေကိုလည်း အချိန်အတိုင်းအတာ တစ်ခုအထိ ရွှေ့ဆိုင်းထားလိုက်ပါတယ်။

Linn

SHARE