ဂျပန်ယန်း သန်းချီထည့်ထားတဲ့ ခေါက်အိတ်ကို ရထားပေါ်မေ့ကျန်ခဲ့တဲ့ အမျိုးသားရဲ့အဖြစ်

Pexels/Pixabay

လူအများနဲ့ လိုက်ပါသွားလာရတဲ့ ကားတွေ၊ ရထားတွေစီးတဲ့အခါ ကိုယ့်ရဲ့သော့၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို ယာဉ်ပေါ်က မဆင်းခင်မှာ တစ်ကြိမ်လောက် ပြန်စစ်ကြည့်သင့်ပါတယ်။ ဥပမာ စားသောက်ဆိုင်လို နေရာမျိုးဆိုရင် အခန့်မသင့်လို့ စာရိတ္တကောင်းတဲ့ စားပွဲထိုးဝန်ထမ်းမျိုးနဲ့တွေ့ရင် ပြန်ရနိုင်ပေမယ့် ကား၊ရထားလို နေရာမျိုးကတော့ လူပေါင်းစုံမို့ ပစ္စည်းပျောက်သွားရင် ပြန်မရနိုင်တော့ပါဘူး။

ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းကလည်း တိုကျိုက ယာမာနိုတဲဘူတာလိုင်းမှာ အမျိုးသားတစ်ဦး ပိုက်ဆံအိတ်ကျပျောက်ခဲ့တယ်လို့ soranews24 အရ သိရပါတယ်။ ပိုက်ဆံအိတ်က ခေါက်ပိုက်ဆံအိတ်ဖြစ်ပြီး အိတ်ထဲမှာ ဂျပန်ယန်းငွေ (၂.၈) သန်းပါလာပါတယ်။ ငွေသားချည်းပါလာတာဖြစ်ပြီး မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့ သိန်း(၄၀၀) လောက် ရှိမယ်ထင်ပါတယ်။

Pexels/Charles Postiaux

အဲ့ဒီအိတ်ဟာ ရထားခရီးစဉ်တစ်လျှောက်လုံး ဒီတိုင်းပဲ ရှိနေခဲ့တာဖြစ်ပြီး ရထားတွင်း သန့်ရှင်းရေးလုပ်ဖို့ ကာမီအီကဲဘူကူရို ရပ်ကွက်မှာ ရပ်လိုက်တော့မှ မီးရထားဝန်ထမ်းတစ်ယောက်က တွေ့ခဲ့တာပါ။ ပိုက်ဆံအိတ်ကောက်ရတဲ့ ၀န်ထမ်းက အသက်(၆၄) အရွယ် ဟာဂျီမေးအိုဂူရာဆိုသူ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ပိုက်ဆံအိတ်ဟာ ပိုင်ရှင်မဲ့နေတာကို သိပေမယ့် ဟာဂျီမေးက ပိုင်ရှင်ကို ပြန်ရှာပေးဖို့ မရည်ရွယ်ခဲ့ပါဘူး။

READ
လမ်းမလျှောက်နိုင်တဲ့မိခင်ကို (၁၅) နှစ်ကြာအောင် သွားလေရာ ကျောပိုးခေါ်ခဲ့တဲ့ သား

ဒါပေမယ့် ဟာဂျီမေးရဲ့ လုပ်ရပ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လုံခြုံရေးကင်မရာတွေကနေတဆင့် သိသွားတဲ့အတွက် အခုတော့ ပျောက်ဆုံးပစ္စည်းကို ခိုးယူမှုနဲ့ ဟာဂျီမေးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဟာဂျီမေးကတော့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေနဲ့ သူ့အိမ်အသုံးစရိတ်ပေးဖို့၊ အကြွေးတွေပေးဖို့ ရည်ရွယ်ခဲ့ကြောင်း ဆိုပါတယ်။

Pixabay

ထို့နောက်မှာတော့ သက်ဆိုင်ရာက ပိုက်ဆံအိတ်ပိုင်ရှင်ကို ပြန်ရှာတွေ့ခဲ့ပါတယ်။ ပိုင်ရှင်ဟာ အသက်(၃၀) ၀န်းကျင်ပါ။ ဒီလောက်ပိုက်ဆံအများကြီးကို ခေါက်အိတ်ထဲထည့်ပြီး ဘာကြောင့် လျှောက်သွားရသလဲ မေးတဲ့အခါမှာတော့ ထိုသူက သူ့ကုမ္ပဏီက အချိန်ပိုင်းဝန်ထမ်းတွေကို လစာပေးဖို့အတွက်ပါလို့ ဆိုပါတယ်။ ဂျပန်က ငွေစက္ကူအရွက်အကြီးဆုံးက ယန်း(၁၀၀၀၀) တန်ပါ။ ပိုက်ဆံအိတ်ထဲမှာပါတာက (၂.၈) သန်းမို့လို့ သူ့ဆီမှာ အနည်းဆုံး ယန်းတစ်သောင်းတန် အရွက်(၂၈၀) အထက် ပါလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ခုချိန်မှာတော့ ပိုက်ဆံကို လူတိုင်းက လိုအပ်နေတာမို့ တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုခု ပျောက်သွားတာနဲ့ ပြန်ရဖို့မမျှော်လင့်နိုင်တော့ပါဘူး။ ဒါကြောင့် သွားတဲ့လာတဲ့အခါ သတိဝီရီယနဲ့ ကိုယ့်ပစ္စည်းပစ္စယတွေကို ဂရုတစိုက်ရှိကြဖို့ ဖော်ပြပေးလိုက်ရပါတယ်။

READ
မျောက်မျက်နှာနဲ့မွေးခဲ့တဲ့ ဝက်ကလေး

လင်းလင်း (ShweMom)

SHARE