သြဇီတောမီးကြောင့် တောရိုင်းတိရစ္ဆာန် သန်းပေါင်း(၅၀၀)အထိ သေဆုံးခဲ့ပြီးပြီဟုသိရ

Twitter/NAR4Wildlife

သြစတေးလျ တောမီးဟာ ယနေ့အချိန်ထိ ထိန်းမနိုင်သိမ်းမရ ဖြစ်နေဆဲပါ။ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာက အကူအညီလာပေးတဲ့ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့တွေ ကျားကုတ်ကျားခဲ ကြိုးစားငြှိမ်းသတ်နေရဆဲ ဖြစ်ပါတယ်။ သြစတေးလျမှာ ပူပြင်းခြောက်သွေ့မှုအမြင့်ဆုံး ပြည်နယ်နှစ်ခုမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက တောမီး လောင်ကျွမ်းခဲ့တာပါ။

လက်ရှိအချိန်ထိ ပြည်သူ သန်းနဲ့ချီ ဘေးလွတ်ရာကို အရေးပေါ်ရွေ့ပြောင်းထားရပြီး၊ လူနေအိမ်ခြေ သောင်းနဲ့ချီ ပျက်စီးဆုံးရှုံးထားရပြီး ဖြစ်ပါတယ်။ အသက်စွန့်သွားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူအသေပျောက်စာရင်းတွေဟာ နေ့စဉ်တိုင်းလိုလို ကြားသိနေရတဲ့ သတင်းတွေ ဖြစ်ပါတယ်။

သြစတေးလျတောမီးကြောင့် လက်ရှိအချိန် သားရိုင်းတိရစ္ဆာန်သေဆုံးတဲ့အရေအတွက်ဟာ ဘီလီယံတစ်ဝက်လောက် ရှိနေပြီလို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။ University of Sydney မှ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟဗေဒဆိုင်ရာ ပညာရှင်တွေရဲ့ တွက်ချက်မှုကလည်း ကြောက်စရာပါဘဲ။

သူတို့ရဲ့ တွက်ချက်မှုအရ သြစတေးလျတောမီးကြောင့် နို့တိုက်သတ္တဝါ၊ ငှက်နဲ့တွားသွားသတ္တဝါသေဆုံးမှုဟာ သန်းပေါင်း (၄၈၀)အထိ ရှိလိမ့်မယ်လို့ သိရပါတယ်။ တောမီးဟာ နိုင်ငံရဲ့အပူချိန်အမြင့်ဆုံးဒေသတွေဖြစ်တဲ့ ဗစ်တိုးရီးယားနဲ့ နယူးဆောက်သ်ဝေး ပြည်နယ်တွေမှာ တောမီးကူးစက် လောင်ကျွမ်းနေတာပါ။

ယနေ့အချိန်ထိ မီးဘေးကြောင့် ပျောက်ဆုံးနေဆဲ၊ အဆက်အသွယ်မရသေးသူတွေ ဒါဇင်နဲ့ချီ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဗစ်တိုးရီးယားကမ်းရိုးတမ်းက ကမ်းခြေတစ်ခုမှာ နှစ်သစ်ကူးအကြို ရောက်ရှိနေတဲ့ နိုင်ငံတကာခရီးသွား (၄၀၀၀)လောက် ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။ သူတို့ကို စစ်ဘက်ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ခဲ့ရပါတယ်။

တစ်ချို့သော မီးဘေးဒုက္ခသည်တွေဟာ သူတို့ကို လာကယ်မယ့်အလှည့်ကို စောင့်ရင်း၊ မီးက တဖြည်းဖြည်းနီးကပ်လာလို့ အပူချိန်ကို မခံနိုင်တာကြောင့် ပင်လယ်ရေထဲကို ဆင်းပြီးစိမ်နေခဲ့ရတယ်လို့ သိရပါတယ်။ မီးလောင်ပြင်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာကလည်း အလွန်စိတ်မချမ်းသာစရာတွေပဲ ဖြစ်နေပါတယ်။

ဒုက္ခရောက်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေကြားမှာတော့ ကိုအာလာဝက်ဝံလေးတွေက ပိုပြီးအဆိုးဆုံးဖြစ်ပါတယ်။ သူတို့ဟာ လှုပ်ရှားမှုနှေးကွေးတဲ့ အသီးအရွက်စား သတ္တဝါတွေဖြစ်တာကြောင့်၊ မီးဘေးကြောင်း မသေဘူးဆိုရင်တောင်၊ အနာဂတ်မှာ ကျင်လည်ကျက်စားဖို့ တောတောင်ရေမြေက ကျဉ်းမြောင်းသွားပြီမို့ အခက်အခဲတွေ အများကြီးရင်ဆိုင်ရစေမှာပါ။

လေးလအတွင်းမှာ ကိုအာလာဝက်ဝံ (၈၀၀၀)ခန့် မီးဘေးကြောင့် သေခဲ့ရပါတယ်။ ဒီပမာဏဟာ နယူးဆောက်သ်ဝေးလ်မှာရှိတဲ့  ကိုအာလာဝက်ဝံကောင်ရေရဲ့ သုံးပုံတစ်ပုံဖြစ်ပါတယ်။ အခုလို ဘေးဆိုးတွေ ကြုံနေရတဲ့အပြင် အစိုးရဘက်က တောမီးလောင်မှုမှာ တုန့်ပြန်ဖို့နောက်ကျတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေခဲ့ကြောင်း Insider သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လင်းသူရိန်

SHARE