လှပလွန်းတဲ့ရုပ်ရည်ရှိရင် တချို့အမှားတွေကို ခွင့်လွှတ်လို့ရတယ်ဆိုတဲ့အဖြစ်

Weibo

သတင်းဂျာနယ်တင်ဆက်မှုတွေဟာ အထိအခိုက်မခံပါဘူး။ လူတိုင်း အမှားနဲ့မကင်းနိုင်ဘူး ဆိုသော်လည်း ဂျာနယ်လစ်သမားတွေကတော့ အမှားကင်းအောင် အတော်ဂရုစိုက်ရပါတယ်။ ဒါပေမယ့် ဒီလောက် ဂရုစိုက်နေတာတောင်မှ မှားနေတာမျိုးတွေက ရှိသေးတာကိုလည်း အပြစ်တော့ ပြောလို့မရဘူးပေါ့။ ဝါရင့် အယ်ဒီတာကြီးတွေ၊ သတင်းစာဆရာကြီးတွေပင် ထောက်ပြစရာ အမှားတွေ ရှိနေတတ်လို့ပါ။

အခုလည်း ဂျာနယ်လစ်မလေး တစ်ယောက်ဟာ အမှားတွေချည်း ဆက်တိုက် ကျူးလွန်ခဲ့လို့ လူမှုကွန်ရက်မှာတော့ သူမကို ဝေဖန်သူတွေ များလွန်ခဲ့ပါတယ်။ အထူးသဖြင့်တော့ သူမဟာ သတင်းရေးသားမှုအပိုင်းမှာ လိုအပ်ချက်တွေ များစွာရှိနေပြီး၊ မမှားသင့်တဲ့ သဒ္ဒါအမှားတွေကို မှားခဲ့တာပါ။

Weibo

သဒ္ဒါမှားရင် စာကြောင်းတွေ၊ ဝါကျတွေရဲ့ အဓိပ္ပါယ်ကလည်း အကောက်လွဲနိုင် မှားနိုင်တာမို့ အားလုံးကတော့ သတင်းရေးသူ အဲဒီအမျိုးသမီးကို ဝိုင်းဝန်းအပြစ်တင်ခဲ့ကြပါတယ်။ အဆိုပါ ဂျာနယ်လစ်အမျိုးသမီးဟာ တရုတ်နိုင်ငံမှဖြစ်ပြီး၊ အားကစားသတင်း ရေးသားသူပါ။ ဝေဖန်သူတွေ များခဲ့သလောက် သူမရဲ့ ရုပ်ရည် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံလာတဲ့အခါမှာတော့ အသံတွေ ငြိမ်သွားပါတယ်။

ဂျာနယ်လစ် အမျိုးသမီးရဲ့အမည်မှာ Xing Chengbo ဖြစ်ပါတယ်။ သူမဟာ BD News သတင်းဌာနမှာ အားကစားဂျာနယ်လစ်ပါ။ သူမဟာ ပြီးခဲ့တဲ့ EAFF E-1 Football Championship ပြိုင်ပွဲတစ်ခုမှာ လက်ရွေးစင်အသင်းက ကစားသမား (၂၃)ဦး ပါဝင်ခဲ့တဲ့အနက် (၁၅)ဦးရဲ့နာမည်တွေကို တလွဲတချော်တွေ ရေးခဲ့ပါတယ်။ စာလုံးအမှားတွေကိုလည်း သုံးထားပြီး၊ သဒ္ဒါနည်းလမ်းကလည်း မကျခဲ့ပါဘူး။

Weibo

ဝေဖန်သူတွေကို ပိုပြီးအံ့အားသင့်စေခဲ့တာက Xing ဟာ 2018 FIFA World Cup မှာလည်း သတင်းရေးသားသူအဖြစ် ပါဝင်ခဲ့တဲ့ကိစ္စပါ။ တစ်ချို့ကလည်း ဒီကောင်မလေး ဘွဲ့ကောရလား၊ ဒါမှမဟုတ် တရုတ်စာ တကယ်မတတ်ဘဲ လုပ်စားနေတာလားဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။ ဒီဝေဖန်မှုမီးတောက်တွေကို Xing က သူမရဲ့ အလှတရားရေစင်နဲ့ ငြိမ်းသတ်လိုက်ပါတယ်။

Xing ရဲ့ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှာ အများချီးကျူးခံနေရပြီး “ ဒီအပြစ်တွေက ပြောစရာကို မလိုတာ … ” … “ ဒီလောက်အမှားကတော့ လူတိုင်း မှားတတ်ပါတယ် ” … “လူဆိုတာ အမှားနဲ့ဘယ်ကင်းမလဲ”ဆိုပြီး ဝေဖန်သူတွေရဲ့ လေသံဟာ ချက်ချင်းပြောင်းသွားပါတော့တယ်။

Weibo

လူတစ်ယောက်ကဆိုရင် “ ဒီလို လှပတဲ့ မိန်းမပျိုလေးတစ်ယောက်က စာလုံးပေါင်းမှားတဲ့ ကိစ္စဟာ လက်ရွေးစင်တွေအဖို့တော့ ဘဝတစ်သက်စာ ချီးမြောက်မှုပါဘဲ ”လို့တောင် ရေးခဲ့သလို၊ အခြားတစ်ဦးကတော့ “ ခွင့်လွှတ်လိုက်ပါ … ကျွန်တော်တို့ သူမကို ခွင့်လွှတ်ကို လွှတ်ရမယ် ”လို့ ရေးခဲ့ပါတယ်။ သင်ဆိုရင်ကော ဒီလို အလှလေးကို ပစ်ပစ်ခါခါ ဝေဖန်ဦးမှာလား။

လင်းဇော်ကို

SHARE