အိုမင်းနေပြီဖြစ်တဲ့ မိဘဘိုးဘွားတွေကို ဘယ်တော့မှမပြောသင့်တဲ့ စကား(၅)ခွန်း

လူတွေဟာ ဘယ်လောက်ပဲတော်နေနေ သဘာဝတရားကြီးရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေကို လက်မခံချင်လို့ မရပါဘူး။ ဒီလိုအရာတွေထဲမှာ ‘ဇရာ’ ဟာလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ အသက်တဖြည်းဖြည်းကြီးလာတဲ့အခါ မိဘဘိုးဘွားတွေမှာ အားနည်းချက်တွေ များလာမယ်၊ စွမ်းဆောင်နိုင်စွမ်းတွေကျလာမယ်။ ဒီအခါမှာ သားသမီးတွေအနေနဲ့ အိုမင်းနေပြီဖြစ်တဲ့ မိဘဘိုးဘွားတွေကို ဘယ်တော့မှ မပြောသင့်တဲ့ စကား(၅)ခွန်းရှိပါတယ်။

(၁) ဒါလေးတောင်မသိဘူးလား

သားသမီးတွေအနေနဲ့ တစ်ခါတလေ အကြောင်းအရာတစ်ခုခုကို ပြောနေတာဖြစ်ဖြစ်၊ လူတိုင်းနီးပါး နားလည်နေတဲ့ အရာတစ်ခုခုကို ပြောတဲ့အခါဖြစ်ဖြစ်  မိဘဘိုးဘွားတွေက နားမလည်နိုင်တတ်ကြတဲ့အချိန်တွေရှိပါတယ်။ ဒီလိုအချိန်မှာ “ဒါလေးတောင် မသိဘူးလား” ဆိုတဲ့ စကားမျိုးကို လုံးဝမပြောသင့်ပါဘူး။ သင်တို့ရဲ့ ဖြတ်သန်းကြီးပြင်းလာတဲ့ အတိတ်တွေ မိုးနဲ့မြေလို ကွာခြားတယ်ဆိုတာ သိထားပါ။ ဒါကြောင့် ဒီလိုပြောမယ့်အစား စိတ်ရှည်ရှည်နဲ့ နားလည်တဲ့ အထိ သေသေချာချာ ရှင်းပြလိုက်ပါ။

(၂) လုပ်ပြန်ပြီ

တစ်ခါတလေ မိဘဘိုးဘွားတွေက ကိုယ်မလုပ်ချင်တဲ့ အရာတစ်ခုခုကို ခိုင်းတာပဲဖြစ်ဖြစ်၊ ဆုံးမစကားပြောတာပဲဖြစ်ဖြစ်၊ သင်မကြိုက်တဲ့အရာတစ်ခုခုကို လုပ်မိတဲ့အခါတွေမှာ “လုပ်ပြန်ပြီ” ဆိုတဲ့စကားကို လုံးဝမပြောသင့်ပါဘူး။ သင်က ပြောပြီး မေ့သွားပေမယ့် သူတို့စိတ်ထဲမှာ အရမ်းဝမ်းနည်းစေတဲ့ စကားဖြစ်ပါတယ်။

READ
အကြိမ်ကြိမ်ကျရှုံးနေလို့ ဘဝကို လက်လျှော့လိုက်ချင်ပြီလား…

(၃) ဘာမှမလုပ်နဲ့ ငြိမ်ငြိမ်လေးနေ

အိုမင်းနေတဲ့ မိဘဘိုးဘွားတွေ တစ်ခုခုလုပ်နေတဲ့ အခါမျိုးတွေမှာ “ဘာမှမလုပ်နဲ့ ငြိမ်ငြိမ်လေးနေ” ဆိုပြီး မပြောလိုက်ပါနဲ့။ အိုမင်းနေတဲ့မိဘဘိုးဘွားတွေရဲ့ စိတ်ထဲမှာ သူတို့ကိုယ်သူတို့ အသုံးမဝင်တော့တဲ့ လူတစ်ယောက်ဖြစ်သွားမှာ အကြောက်ဆုံးပါပဲ။ ဒါကြောင့် သူတို့လုပ်နိုင်တာလေး လုပ်ရတာကို ပျော်မွေ့နေကြတာဖြစ်တယ်။ သူတို့လုပ်တာတွေက အဆင်ပြေချင်မှပြေမယ်၊ ဒါပေမယ့် သူတို့ကိုတားမယ့်အစား ကူပြီးလုပ်ပေးလိုက်တာ ပိုမှန်ကန်တဲ့နည်းဖြစ်ပါတယ်။

(၄) ပြောထားတယ်လေ

တစ်ခါတလေ သူတို့ကို သင်ပြောထားတဲ့အရာတွေကို မေ့သွားတဲ့အခါတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အဲလိုအချိန်မှာ “ပြောထားတယ်လေ” ဆိုတဲ့ စကားမျိုး လုံးဝမပြောသင့်ပါဘူး။ သူတို့ရဲ့မှတ်ဥာဏ်လေးတွေဟာ အရင်လို မကောင်းတော့ဘူး၊ တစ်ခါတလေ သူတို့ပြောချင်တဲ့စကားတွေကိုတောင် မေ့သွားတတ်တယ်၊ သွားနေကျလမ်းတွေကိုတောင် မမှတ်မိတော့တဲ့ အချိန်တွေရှိတယ်ဆိုတာ သင်မသိလို့ပါ။

READ
ကြောင်မွေးခြင်းကြောင့်ရနိုင်တဲ့ အကျိုးကျေးဇူးများ

(၅) စိတ်ပျက်တယ်

ဒီစကားကတော့ တော်တော်ဆိုးပါတယ်။ မိဘဘိုးဘွားတွေဟာ သင့်အတွက် ဝန်ထုပ်တစ်ခုလို ဖြစ်ကောင်းဖြစ်မယ်၊ သင့်ကိုပင်ပန်းအောင်လုပ်ကောင်းလုပ်မယ်၊ ဒါပေမယ့် “စိတ်ပျက်တယ်” ဆိုတဲ့ အသုံးအနှုန်းမျိုးကိုတော့ လုံးဝမပြောသင့်ပါဘူး။ ဒီလိုအဓိပ္ပါယ်သက်ရောက်တဲ့စကားတွေဟာ သူတို့စိတ်ထဲမှာ အရမ်းကို နာကျင်သွားစေတဲ့အပြင် စိတ်ကျရောဂါတောင်ဝင်လာစေနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE