သိပ္ပံပညာရှင်တွေဟာ သက်ရှိလက်ခံကောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာနေထိုင်ပြီး ၄င်းလက်ခံကောင်ကို နောက်ဆုံးသေသွားစေတဲ့အထိရှင်သန်ပေါက်ဖွားနိုင်တဲ့ နကျယ်မျိုးစိတ်သစ်တစ်မျိုးကို ဂျပန်နိုင်ငံမှာတွေ့ရှိခဲ့တယ်လို့ Technology.inquirer သတင်းက ဆိုပါတယ်။ ဒီမျိုးစိတ်သစ်ကို သိပ္ပံနည်းအားဖြင့် Microgaster Godzilla လို့ခေါ်ဝေါ်ပါတယ်။ ဂေါ်ဇီလာကြီး ရုတ်တရက် ရေအောက်ထဲကနေပေါ်လာပြီး အမဲလိုက်တဲ့ပုံစံနဲ့တူတဲ့အတွက် ၄င်းနကျယ်မျိုးစိတ်ကိုတော့ ဂေါ်ဇီလာနကျယ်ဆိုပြီး အမည်ပေးထားပါတယ်။
Microgaster Godzilla (Hymenoptera, Braconidae, Microgastrinae) လို့အမည်ရတဲ့ သုတေသနစာတမ်းတစ်ခုမှာတော့ ဂျပန်နိုင်ငံရဲ့အထင်ကရအဖြစ်ဆုံး အမှတ်လက္ခဏာအဖြစ် ဂုဏ်ယူတဲ့အနေနဲ့ ဒီအမည်ကိုပေးပါတယ်လို့ ရေးသားထားပါတယ်။ ၄င်းဟာ ဂျပန်နိုင်ငံတွင်း ပုံမှန်မြင်နေကျ နကျယ်အမျိုးအစားတွေနဲ့မတူဘဲ ရေအောက်ကိုငုပ်ပြီး သူကပ်တွယ်လို့ရမယ့် ပေါက်ဖတ်လက်ခံကောင်တွေကို လိုက်ရှာတဲ့မျိုးစိတ်ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ သုတေသနတွေက ဗီဒီယိုတစ်ခုထဲမှာ သေချာမှတ်ထားတင်ခဲ့ပါတယ်။ ဗီဒီယိုမှာတော့ နကျယ်ကောင်ဟာ ရေထဲကိုတမင်ထိုးဆင်းသွားပြီး ပိုးဖလံပေါက်ဖတ်ကောင်ကို ရှာဖွေပါတယ်။ အဲ့ဒီပေါက်ဖတ်ကောင်ကိုတော့ နကျယ်ကောင်က သူ့ဥတွေဥချဖို့အတွက် လက်ခံကောင်အနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။
ဒီသုတေသနကိုတော့ သုတေသနပညာရှင်တွေဖြစ်တဲ့ Jose Fernandez-Triana, Tetsuyuki Kamino, Kaoru Maeto, Yutaka Yoshiyasu နဲ့ Norio Hirai တို့က ပြုလုပ်ခဲ့တာပါ။ သုတေသနပညာရှင်တွေရဲ့စာတမ်းမှာတော့ ဇီဝနည်းအရရော ဖွဲ့သည်းတည်ဆောက်ပုံအရပါ တမူထူးခြားနေတဲ့မျိုးစိတ်ဆိုပြီး မှတ်သားထားတာဖြစ်ပါတယ်။
နကျယ်ကောင်အမတွေဟာ ရေမျက်နှာပြင်ပေါ်မှာရှိတဲ့ သစ်ရွက်တွေပေါ်လမ်းလျှောက်ပြီးတော့ပဲဖြစ်ဖြစ်၊ တစ်ခါတစ်လေ ရေထဲထိုးဆင်း ရေကူးပြီးတော့ပဲဖြစ်ဖြစ် သူတို့ဥချဖို့ ပေါက်ဖတ်ကောင်တွေကိုရှာပါတယ်။ ပေါက်ဖတ်က ရေအောက်ရောက်နေရင် နကျယ်ကောင်က ပေါက်ဖတ်ခိုအောင်းနေတဲ့နေရာကနေ မောင်းထုတ်ပြီး ရေမျက်နှာပြင်ပေါ်ကို တက်လာစေပါတယ်။ ပေါက်ဖတ်က ရေပေါ်ရောက်ပြီဆိုတာနဲ့ တစ်ပြိုက်နက် နကျယ်ကောင်ဟာ ပေါက်ဖတ်ကိုယ်ပေါ်ကိုအတင်းလိုက်တွယ်ကပ်ပြီး ဥတွေဥချခဲ့တာဖြစ်ပါတယ်။ ဒီမျိုးစိတ်တွေကိုတော့ ဂျပန်နိုင်ငံက အိုဆာကာနဲ့ ဟွန်းရှုဒေသတွေကနေ တွေ့ရှိခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
ShweMom