နည်းပညာအဆန်းပေါင်းများစွာနဲ့ အသစ်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဘေကျင်း လေဆိပ်သစ်

twitter/ohlalair

တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာသုံးပြီး တည်ဆောက်ထားတဲ့ Daxing အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ကမ္ဘာ့အစည်ကားဆုံး လေဆိပ်ကြီး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ စက်တင်ဘာ(၂၅) ရက်နေ့မှာတော့ လေဆိပ်အသစ်ကြီးကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ကြတဲ့ ခရီးသည်တွေဟာ လေဆိပ်ထဲ အသုံးပြုထားတဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို မြည်းစမ်းကြည့်ခွင့်ရခဲ့ကြောင်း asiaone သတင်းအရ သိရပါတယ်။

လေဆိပ်ထဲမှာတော့ မြန်နှုန်းမြင့် မိုဘိုင်းဝန်ဆောင်မှုတွေရနိုင်တဲ့အတူ အဆင့်မြင့် facial recognition စနစ်နဲ့ စမတ်စက်ရုပ်တွေကို အသုံးပြုထားပါတယ်။ လေဆိပ်ဒီိဇိုင်းကို အီရတ်-ဗြိတိသျှ ကပြားတစ်ဦးဖြစ်တဲ့ ဇာဟာဟာဒစ်ဆိုသူ ဗိသုကာပညာရှင်အမျိုးသမီးက ရေးဆွဲထားတာပါ။ သူမဟာ (၂၀၁၆) ခုနှစ်မှာ ကွယ်လွန်ခဲ့တာကြောင့် စွန့်စားမှုပေါင်းများစွာနဲ့ သူမကြိုးစားစီမံခဲ့တဲ့ ဒက်ရှင်းလေဆိပ်ကြီး အသီးအပွင့်တွေဝေဆာလာတာကို မြင်တွေ့မသွားခဲ့ရပါဘူး။

ဒက်ရှင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲမှာတော့ နည်းပညာအသစ်အဆန်းတွေကိုချည်း အသုံးပြုထားတာကြောင့် မကြာခင် ဒက်ရှင်းဟာ စင်္ကာပူက ချန်ဂီလေဆိပ်၊ ကာတာက ဟာမက်လေဆိပ်တို့နည်းတူ ကမ္ဘာ့ထိပ်တန်းအဆင့်ဝင် လေဆိပ်တစ်ခု ဖြစ်လာမလားဆိုတာတော့ အချိန်က ပြောသွားမှာပါ။ ဒက်ရှင်းမှာတော့ နောက်ဆုံးပေါ်နည်းပညာကြီး(၃) ခုကို အသုံးပြုထားပါတယ်။

5G

လေဆိပ်အတွင်းမှာ 5G ပေါ်အခြေခံထားတဲ့ စမတ်ခရီးသွားစနစ်ကို အသုံးပြုထားပါတယ်။ Hwawei Technologies ၊ China Eastern Airlines နဲ့ China Unicom တို့ကလည်း 5G ကွန်ယက်စနစ်အတွက် ပါဝင်အားဖြည့်ပေးထားကြပါတယ်။ လေဆိပ်လုံခြုံရေးဂိတ်တွေနဲ့ check-in နေရာတွေမှာလည်း facial recognition စနစ်နဲ့ စာရွက်မလိုတဲ့ အထုတ်အပိုးခြေရာခံစနစ်ကိုလည်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။

READ
ပိုင်ရှင်ရဲ့ကျန်းမာရေးအပြင် ပိုက်ဆံအိတ်ကိုပါ ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းဆန်းများ

မှတ်ပုံတင်စနစ်

သက်ဆိုင်ရာ လေကြောင်းလိုင်းတွေနဲ့ လိုက်ပါပျံသန်းမယ့် ခရီးသွားဧည့်သည်တွေကို facial recognition နည်းပညာသုံးကာ နိုင်ငံပိုင် database ထဲမှာသိမ်းဆည်းထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် လုံခြုံရေးဂိတ်တွေမှာ ခရီးသည်တွေဖြတ်သန်းရတဲ့ အချိန်တိုတောင်းသွားမှာဖြစ်ပြီး တစ်နာရီကို ခရီးသည်အယောက်(၂၆၀) အထိ စစ်ဆေးဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ခရီးသည်တွေဟာ မျက်နှာကို စကန်ဖတ်လိုက်ရုံနဲ့ မိမိရဲ့ ၀န်စည်စလှယ်ပစ္စည်းတွေကို check-in လုပ်နိုင်မယ့်အတူ လုံခြုံရေးကိစ္စရှင်းတာ၊ လေယာဉ်ပေါ်လိုက်ပါစီးနင်းတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

စာရွက်မဲ့ အထုပ်အပိုးခြေရာခံစနစ်ကို အသုံးပြုလိုတဲ့ ခရီးသည်တွေကတော့ ၄င်းတို့ အထုပ်အပိုးတွေမှာ ချိတ်ပေးဖို့ ပထမဆုံး RFID (radio frequency identification) tag တွေကို အရင် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အထုတ်အပိုးနံပတ်ပါ စာရွက်စက္ကူတွေသိမ်းထားစရာတောင် မလိုတော့ပဲ လေယာဉ်အမှတ်နဲ့ ဆိုက်ရောက်နေရာကို လေကြောင်းလိုင်းရဲ့ app မှာ ရိုက်ထည့်ပြီး ကိုယ့်အထုပ်အပိုးတွေက ဘယ်ရောက်နေလဲဆိုတာ ခြေရာခံနိုင်ပါလိမ့်မယ်။

READ
လျှပ်စစ်စွမ်းအင်မလိုတဲ့ အဝတ်လျှော်စက်ကို တီထွင်ခဲ့တဲ့ (၉)နှစ်အရွယ် ကျောင်းသားလေး

စမတ်စက်ရုပ်များ

လေဆိပ်ထဲ အထူးခြားဆုံး သုံးထားတဲ့ နည်းပညာတစ်ခုကတော့ artificial intelligence သုံးထားတဲ့ စမတ်စက်ရုပ်တွေပဲ ဖြစ်ပါတယ်။ ဒီစက်ရုပ်တွေဟာဆိုရင် လေဆိပ်ဝန်ထမ်းတွေအဖြစ် အလုပ်လုပ်ပြီး ကားပါကင်တွေမှာ ယာဉ်မောင်းတွေကို ပါကင်ထိုးဖို့ အကူအညီပေးနိုင်ပါတယ်။ ဒါ့အပြင် စက်ရုပ်တွေကို လေဆိပ်ရဲ့ ထရန်စဖော်မာခန်းတွေမှာ အစောင့်အဖြစ် ထားထားပြီး အခန်းထဲကို အပြင်လူအ၀င်အထွက် စောင့်ကြည့်စေတာ၊ ထရန်စဖော်မာခန်းတွေမှာ အရေးပေါ်တစ်စုံတစ်ရာပေါ်ရင် အချက်ပေးခိုင်းတာ စတဲ့ လုပ်ငန်းဆောင်တာတွေအတွက် အသုံးပြုနေကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE