အသစ်စက်စက် ဇနီးမောင်နှံရဲ့ မွန်မြတ်တဲ့အလှူဒါနလေး

Facebook / Wayne Country

လက်ထပ်တော့မယ့် အသစ်စက်စက်ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ရဲ့မင်္ဂလာပွဲကိုလာတဲ့သူတွေကို အိမ်သုံးပစ္စည်းအမျိုးမျိုးကိုလက်ဖွဲ့မယ့်အစား တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကိုလှူဖို့အတွက် အလှူငွေပိုက်ဆံကိုသာပေးဖို့ပြောခဲ့ပါတယ်။ ဒီလို ကိုယ့်အတွက်မကြည့်ပဲ တိရစ္ဆာန်လေးတွေကိုစာနာ ထောက်ထားတဲ့သူတွေကတော့ Jonathan နဲ့ Jeananne Wickham ဆိုတဲ့ အသစ်စက်စက်ဇနီးမောင်နှံ ပဲဖြစ်ပါတယ်။ သူတို့ဟာ သူတို့မင်္ဂလာပွဲကိုလာတဲ့ သူငယ်ချင်းတွေနဲ့မိသားစုတွေကို တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတစ်ခုအတွက် လှူဒါန်းမယ့် လှူဒါန်းငွေကိုသာပေးဖို့တောင်းခံခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ရည်းစားသက်တမ်း(၇)နှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်တာကြောင့် သူတို့အတွက် အိမ်သုံးပစ္စည်းတွေမလိုအပ်ပါဘူးလို့ Jonathan ကပြောခဲ့တာကို The Daily Record သတင်းစာကဖော်ပြခဲ့ပါတယ်။ တိရစ္ဆာန်စောင့်ရှောက်ရေးနဲ့ကယ်ဆယ်ရေးဂေဟာအတွက် လိုအပ်နေတဲ့အရာတွေကို လှူဒါန်းမှုတွေပြုလုပ်ချင်လို့ အခုလို တောင်းခံခဲ့တာဖြစ်တယ်လို့ Jonathan ကပြောပါတယ်။

 

သူတို့စုံတွဲမှာလည်း သူတို့ကယ်ဆယ်ထားတဲ့ကြောင်လေး(၆)ကောင်ရှိပြီး တိရစ္ဆာန်စောင့်ရှောက်ရေးနဲ့ကယ်ဆယ်ရေး ဂေဟာဖြစ်တဲ့ Wayne ကောင်တီလူမှုရေးအဖွဲ့အစည်းကို သူတို့လက်ဖွဲ့ရရှိထားတာတွေကို ပြန်လည်လှူဒါန်းမှုတွေ လုပ်ဖြစ်ပါတယ်။

ကျွန်မတို့ဟာ ဒီဂေဟာအတွက်လိုအပ်နေတဲ့အရာတွေကို ဘယ်လိုအကောင်းဆုံးတွေဖြည့်ဆည်းပေးနိုင်မလဲဆိုတာ ကိုစဉ်းစားလိုက်တဲ့အခါမှာ ဒီဆုံးဖြတ်ချက်ကိုရွေးချယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Jeananne ကပြောပါတယ်။

သူတို့စုံတွဲဟာ မင်္ဂလာဆောင်ကရရှိလာတဲ့အလှူငွေပိုက်ဆံတွေနဲ့ ဂေဟာအတွက်လိုအပ်နေတဲ့ ပစ္စည်းတွေဝယ်ဖို့ ဈေးကိုသွားခဲ့ကြပါတယ်။ဈေးထဲမှာ ဂေဟာအတွက်လိုအပ်နေတဲ့ သန့်ရှင်းရေးကြမ်းတိုက်တံတွေဝယ်ခဲ့တဲ့အပြင် အစာအစိုဘူးပေါင်း(၁၂၀၀)နဲ့အစာခြောက်(၇၅၀)ပေါင်အပါအ၀င် လပေါင်းများစွာ အသုံးပြုနိုင်တဲ့ သန့်ရှင်းရေးပစ္စည်းတွေကိုလည်းဝယ်ခဲ့ပါတယ်။ ဂေဟာရှိဆရာဝန်တွေ အရေးပေါ်လိုအပ်တဲ့အသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ(၂၀၀၀)ကိုလည်းလှူဒါန်းခဲ့တယ်လို့ ဂေဟာရဲ့ဒါရိုက်တာ Carrie Andrew ကပြောပါတယ်။

“သူတို့လာလှူတာ အရမ်းကိုကောင်းတဲ့အချိန်ဖြစ်ပါတယ်။ဘာလို့ဆို ဂေဟာမှာ အရေးပေါ်ခွဲစိပ်ရမယ့် ကြောင်လေး(၂)ကောင်ရှိပြီး မခွဲစိပ်နိုင်ဘူးဆိုရင် ဒီကြောင်လေးတွေဟာ သေဆုံးသွားရမှာဖြစ်ပါတယ်။ အခုတော့အဆင်ပြေသွားပါပြီ။သူတို့လှူဒါန်းလိုက်တဲ့ပိုက်ဆံနဲ့ ဒီကြောင်လေးတွေကို ခွဲစိပ်နိုင်သွားပြီ” လို့ Carrie ကပြောပါတယ်။ ဒီလိုလှူဒါန်းမှုတွေအတွက်လည်း အရမ်းကိုလေးစားရသလို ကျေးဇူးလည်းတင်တယ်လို့ Carrie ကဆက်လက်ပြောကြားခဲ့ပါတယ်။

ဒီလိုလှူဒါန်းမှုတွေဟာ အင်မတန်မှကိုမွန်မြတ်တဲ့ အလှူဒါနတစ်ခုဖြစ်ပါတယ်။အများကြီးပဲလှူလှူ၊ နည်းနည်းလေးပဲလှူလှူ အဓိကကျတာက လိုအပ်နေတဲ့နေရာတွေမှာလှူဒါန်းမှုပြုနိုင်ဖို့ပဲဖြစ်ပါတယ်။ဒါ့ကြောင့် အထိမ်းအမှတ်နေ့လိုမျိုးတွေမှာ လိုအပ်နေတဲ့နေရာလေးတွေမှာ တစ်နိုင်တစ်ပိုင်လှူဒါန်းနိုင်ကြရင် ပိုကောင်းမယ်လို့ Jeananne ကပြောပါတယ်။

Jeananne တို့စုံတွဲလိုမျိုး စုံတွဲတွေအများကြီးသာရှိမယ်ဆိုရင် ပရဟိတလုပ်ငန်းတွေမှာ လိုအပ်နေတဲ့နေရာတွေ အတွက် အများကြီးအကျိုးရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာလေးပဲဖြစ်ဖြစ် နည်းနည်းများများ လိုအပ်တဲ့နေရာလေးတွေမှာလှူဒါန်းနိုင်ဖို့တိုက်တွန်းလိုက်ပါတယ်လို့ Carrie ကပြောခဲ့ပါတယ်။

Thae

SHARE