ပီပြင်တဲ့သိပ္ပံကားတွေ ဖန်တီးနိုင်လို့ ဟောလီးဝုဒ်ကတောင် စိတ်ဝင်စားနေတဲ့လူငယ်အဖွဲ့

instagram/thecritics001

ကျောက်တုံးတွေထူထပ်စွာရှိနေတဲ့ နေရာတစ်နေရာမှာ ကောင်မလေးနှစ်ယောက်ဟာ အာယာသယာဉ်ပျံတွေဆီက လွတ်အောင်ပြေးနေပါတယ်။ ယာဉ်ပေါ်ကနေ မီးလေဆာတွေနဲ့ ပစ်နေတာကြောင့် အသက်လုပြေးနေတာပါ။ ပြေးလာတဲ့ကောင်မလေးနှစ်ယောက်ဟာ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားပြီး ပန်းရောင်ဘွတ်ဖိနပ်တွေနဲ့ ဖြစ်ပါတယ်။ နောက်ဆုံးတော့ သူတို့တွေဟာ Darth Vader နဲ့တူတဲ့သူတစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်ရပါတယ်။ တိုက်ပွဲမှာတော့ Star Wars ရုပ်ရှင်တွေထဲလို ပန်းရောင်နဲ့ အပြာရောင် အလင်းလက်နက်တွေကို အသုံးပြုခဲ့တာပါ။ ဗီလိန်က လက်နက်နဲ့တိုက်ခိုက်တဲ့အခါမှာတော့ အသက်ပိုကြီးတဲ့ကောင်မလေးဟာ ပျောက်ကွယ်သွားပြီး တိုက်ပွဲကိုအဆုံးသတ်ဖို့ အငယ်မလေးတစ်ယောက်ပဲ ကျန်ခဲ့တာပါ။

ဒီဇာတ်ဝင်ခန်းကတော့ Another Star Wars Story အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားအတိုလေးထဲက ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားမြောက်ပိုင်း ကာဒူနာမှာနေထိုင်တဲ့ လူငယ်လေး ၁၀ဦးက ပူးပေါင်းဖန်တီးထားတာပါ။ သူတို့ကိုယ်သူတို့ အဖွဲ့ကိုတော့ The Critics ဆိုပြီး နာမည်ပေးထားပါတယ်။ အသက်၇နှစ်ကနေ ၂၇နှစ်အထိပါဝင်တဲ့ ဒီအဖွဲ့ဟာ အနောက်အာဖရိကန်နိုင်ငံက မီဒီယာတွေဆီမှာ တော်တော်လေးထင်ရှားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့ဟာ မိုဘိုင်းဖုန်းကိုအသုံးပြုပြီး visual effects or VFX နဲ့ ရုပ်ရှင်အတိုလေးတွေကို ဖန်တီးရင်းကနေ လူသိများလာတာဖြစ်ကြောင်း CNN သတင်းကဆိုပါတယ်။

 

View this post on Instagram

 

A post shared by Critics Company (@thecritics001)

အဖွဲ့ထဲက VFX artist နဲ့ အယ်ဒီတာတစ်ဦးဖြစ်တဲ့ အသက် ၁၈နှစ်အရွယ် Raymond Yusuff ကတော့ သူတို့တွေဟာ ၂၀၁၅ခုနှစ်မှာ ရုပ်ရှင်တွေဖန်တီးနည်း၊ greenscreen တွေပြုလုပ်နည်းတွေကို wikipedia တွေဖတ်၊ YouTube က ကျူတိုရီယယ်တွေကြည့်ရင်း ကိုယ်တိုင်လေ့လာခဲ့ကြတယ် ဆိုပါတယ်။ “ကျွန်တော်တို့ ဒီဗီဒီချပ်တွေ အချင်းချင်းလဲကြတယ်။ ပြီးတော့ CGI နဲ့ VFX ရုပ်ရှင်တွေအများကြီး ကြည့်ခဲ့ကြတယ်။ တီဗီမှာတွေ့ရသလိုမျိုး ကျွန်တော်တို့လည်း လိုက်လုပ်ချင်တာလေ။ နောက်တော့ ကျွန်တော်တို့အိမ်နားတွေမှာပဲ setting ဆင်ပြီး ရုပ်ရှင်ရိုက်ကြတာပေါ့။” လို့ Yusuff ကပြောပြခဲ့ပါတယ်။ ပြီးတော့လည်း အဲ့ဒီတုန်းက သူတို့မှာ ကင်မရာမရှိတာနဲ့ သူ့ရဲ့ဆမ်ဆောင်းဖုန်းနဲ့သာ စတင်ရိုက်ကူးခဲ့ရကြောင်း ပြောပြပါတယ်။

READ
ဘဲကျောင်းသားဘ၀ကနေ နှစ်(၂၀) ကြာပြီးနောက် ပါရဂူဘွဲ့ယူနိုင်ခဲ့တဲ့ အမျိုးသားကြီး

အခုဆိုရင်တော့ The Critics ဟာ The Critics Company လို့အမည်ရတဲ့ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို ထူထောင်ထားပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတိုပေါင်း ၂၀ကျော်ကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ သူတို့ရဲ့ဇာတ်ကားတွေကတော့ စက်ရုပ်တွေ၊ ဂြိုလ်သားတွေနဲ့ သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားကြသူတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ နိုင်ဂျီးရီးယားရဲ့ ရုပ်ရှင်ကဏ္ဍ Nollywood ကတော့ ဒေါ်လာ ၆၅၈ သန်းတန်တဲ့ ဖျော်ဖြေရေးလုပ်ငန်းကြီးဖြစ်ပြီး နိုင်ငံတလွှားမှာ ရာပေါင်းများစွာသော အရည်အချင်းရှိတဲ့သရုပ်ဆောင်တွေ၊ ရုပ်ရှင်ရိုက်ကူးသူတွေကို မွေးထုတ်ပေးလျက်ရှိပါတယ်။ ဒီထဲကမှ လူငယ်လေးတွေချည်း ပါဝင်ဖွဲ့စည်းထားတဲ့ အခု The Critics ကိုတော့ ဟောလီးဝုဒ်ကတောင် စိတ်ဝင်စားနေတာဖြစ်ပါတယ်။ The Critics အဖွဲ့သားတွေကတော့ သူတို့ရဲ့ရည်ရွယ်ချက်ဟာ အာဖရိကရဲ့အကြီးဆုံး မာလ်တီမာဒီယာစတူဒီယိုကြီးတစ်ခုထူထောင်ဖို့ဖြစ်ကြောင်းလည်း ပြောသွားခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by Critics Company (@thecritics001)

ShweMom

SHARE