ပင့်ကူရာပေါင်းများစွာကို မိုးရွာနေသလိုတွေ့ရတဲ့ ဘရာဇီးကောင်းကင်ထက်ကဖြစ်ရပ်

ခုရက်ပိုင်းအတွင်း ဘရာဇီးနိုင်ငံထဲ ပင့်ကူမိုးရွာနေသလို ထူးဆန်းဖြစ်ရပ်တစ်ခုကို ဆိုရှယ်မီဒီယာပေါ်မှာ မြင်ခဲ့ရပါတယ်။ တွေ့ရတဲ့ ဗီဒီယိုမှာတော့ ဘရာဇီးနိုင်ငံ ကောင်းကင်ပြင်ထဲ ရာပေါင်းများစွာသော ပင့်ကူတွေကို တွေ့ခဲ့ရပြီး ပင့်ကူတွေဟာ ကာင်းကင်ကနေ မိုးရွာသလို ကျနေတာကိုပါ။ လေထဲ ပင့်ကူတွေ စုဝေးနေတဲ့ ၄င်းဖြစ်ရပ်ကို São Paulo ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ (၂၅၀) ကွာဝေးတဲ့ Espírito Santo do Dourado ဒေသမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင် ပင့်ကူမိုးရွာကျနေတယ်လို့ ထင်ရပေမယ့် တကယ်တော့ ပင့်ကူတွေဟာ ကြီးမားတဲ့ ပင့်ကူကွန်ယက်ကြီးတစ်ခုပေါ်မှာ လှုပ်ရှားသွားလာနေတာပါ။ ၄င်းပင့်ကူကွန်ယက်ကြီးဟာ မိုးပေါ်မှာ မျက်နှာကျက်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ အထူးသဖြင့် ပူနွေးစွတ်စိုတဲ့ အချိန်တွေမှာဆို ယခုလို ယာယီပင့်ကူကွန်ယက်ကြီးတစ်ခု ဖြစ်လေ့ဖြစ်ထရှိကြောင်း ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

youtube

၎င်းထူးခြားဖြစ်ရပ်ကို João Pedro Martinelli Fonseca ဆိုသူက အဖိုးဖြစ်သူရဲ့ ယာတောတစ်နေရာမှာ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ အခုလို ကြီးမားတဲ့ ပင့်ကူမျက်နှာကျက်ကြီးကို သြစတေးလျကောင်းကင်မှာလည်း တွေ့နိုင်ပါသေးတယ်။ ပင့်ကူကွန်ယက်ကြီးထဲမှာတော့ ပင့်ကူအမျိုးအစားမျိုးစုံက လှည့်လည်သွားလာနေကြတာပါ။ ကြည့်ရတာတော့ ပင့်ကူတွေက ကီလိုမီတာရာ အနည်းငယ်အထိ ပျံသန်းနေနိုင်ပုံပါပဲ။ အခုလို ပင့်ကူပေါင်းများစွာ စုဝေးပြီး ကွန်ယက်ကြီးတည်ဆောက်တာကို ပင့်ကူတွေ ballooning လုပ်တယ်လို့ ပညာရှင်တွေကတော့ ခေါ်ဝေါ်ကြပါတယ်။

READ
တစ်နေ့ကို အပင်တစ်ပင်စိုက်ပြီး သစ်တောကြီးတစ်ခုဖြစ်လာအောင် ဖန်တီးခဲ့သူ

ပင့်ကူတွေဟာ ပင့်ကူအိမ်ကြီးဖြစ်လာအောင် အစပျိုးဖို့အတွက် လျှပ်စစ်စက်ကွင်းတွေကို အာရုံခံပါတယ်။ ပြီးတဲ့အခါ အပင်ထိပ်ဖျားပိုင်းတွေထိ တက်သွားပြီး သူတို့ရဲ့ ပိုးသားပင့်ကူမျှင်တွေကို ထုတ်လွှတ်ပါတယ်။ ဒီလိုနဲ့ ပင့်ကူမျှင်တွေဟာ လေထဲမှာ လွင့်မျောပြီး အဆုံးမှာတော့ ပင့်ကူတွေတစ်ကောင်နဲ့ တစ်ကောင် ကူးသန်းသွားလာလို့ ရတဲ့ထိအောင် ကျယ်ပြန့်ကြီးမားတဲ့ ကွန်ယက်ကြီးတစ်ခု ဖြစ်လာတာဖြစ်ပါတယ်။ သုတေသနပညာရှင်တွေကတော့ အတောင်မပါပေမယ့် ပင့်ကူတွေဟာ (၄) ကီလိုမီတာ အမြင့်အထိ မိုးပေါ်တက်နေနိုင်ပြီး ကီလိုမီတာ ရာပေါင်းများစွာတိုင်အောင် ပင့်ကူမျှင်တွေ ဖြန့်ကျက်နိုင်ကြကြောင်းလည်း ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: news.com.au

SHARE