ကျင်းရှာပြီး အလိုအလျောက်အရောက်သွားနိုင်တဲ့ ဂေါ့ဖ်ဘောလုံးကို တီထွင်လိုက်တဲ့ Nissan

Youtube/日産自動車株式会社

လူအများစုအတွက်တော့ ဂေါ့ဖ်အားကစားကို စိတ်အပန်းဖြေရာတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် အချို့ကျတော့လည်း ဘောလုံးတစ်လုံးကို အပေါက်သေးလေးတစ်ပေါက်ထဲဝင်ဖို့ ဟိုနေရာက ပတ်ရိုက်၊ ဒီနေရာက ပတ်ရိုက် လုပ်နေရတာကို စိတ်မရှည်ချင်ကြပါဘူး။ ဒါကို ဖြေရှင်းနိုင်ဖို့အတွက်တော့ Nissan ဟာ ထူးထူးခြားခြားပဲ ဂေါ့ဖ်ဘောလုံးတစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးကို The ProPilot Golf Ball လို့ အမည်ပေးထားပါတယ်။

၎င်းဘောလုံးဟာ နောက်ဆုံးပေါ် ProPilot 2.0 နည်းပညာကို အသုံးပြုထားတာပါ။ ဂေါ့ဖ်ဘောလုံးရဲ့ အလုပ်လုပ်ပုံကိုတော့ အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုလေးမှာ တွေ့ရမှာပါ။ ဗီဒီယိုထဲမှာတော့ (၄) နှစ်သားအရွယ် ကောင်လေးတစ်ယောက်ဟာ ဂေါ့ဖ်ရိုက်နေပြီး သူဟာ ဘောလုံးကို ကျင်းနဲ့ တစ်လွဲဖြစ်နေတဲ့ နေရာတစ်နေရာဆီ ဘောလုံးကို ရိုက်ပို့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘောလုံးဟာ ဦးတည်ရာကို သိတဲ့အလား ကျင်းရှိရာဆီကို သူ့ဘာသာသူ ပြန်ကွေ့ပြီး ကျင်းဆီအရောက်သွားခဲ့တာ ဖြစ်ပါတယ်။

READ
ပိုင်ရှင်ရဲ့ကျန်းမာရေးအပြင် ပိုက်ဆံအိတ်ကိုပါ ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းဆန်းများ

ProPilot 2.0 နဲ့ အလားတူ ရွေ့လျားဘောလုံးတစ်လုံးကိုလည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက အမေရိကန်ကုမ္ပဏီတစ်ခုက တီထွင်ခဲ့ပါသေးတယ်။ ၄င်းကိုတော့ Sphero လို့ခေါ်ပါတယ်။ Sphero ဟာလည်း ကျင်းဆီကို အလိုအလျောက်သွားနိုင်ပေမယ့် သူ့ကိုတော့ စမတ်ဖုန်းနဲ့ ထိန်းချုပ်မှ ရပါတယ်။ ProPilot ကတော့ ထိန်းစရာမလိုပါဘူး။ ကျင်းဆီကို အရောက်သွားဖို့ သူ့ကို ပြောလိုက်ရုံပါပဲ။ ProPilot ဂေါ့ဖ်ဘောလုံးရဲ့ အပြင်ဘက်ကင်မရာကနေ ကျင်းဟာ ဘယ်နေရာမှာရှိနေတယ်ဆိုတာ၊ လမ်းဆီသွားရာလမ်းကြောင်းတွေကို ကြိုးမဲ့နည်းပညာနဲ့ ဘောလုံးဆီ အမြဲသတင်းပို့နေတာ ဖြစ်ပါတယ်။

အမှန်တော့ Nissan ဟာ ဂေါ့ဖ်ဘောလုံးတီထွင်မှုထက်စာရင် သူ့ရဲ့ နည်းပညာအသစ်ကို ထုတ်ပြချင်တဲ့အတွက် ဒီဗီဒီယိုကို ထုတ်လွှင့်ပြသခဲ့တာပါ။ Nissan ဟာ ProPilot 2.0 driver support technology ကို အသစ်ထွက်ရှိမယ့် Skyline ကားတွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ယာဉ်မောင်းသူတွေကို မြေပုံအချက်အလက်၊ ကင်မရာနဲ့ ရေဒါတွေကို အသုံးပြုပြီး လမ်းတွေနဲ့ မီးပွိုင့်ယာဉ်ကြောတွေကို လမ်းကြောင်းစစ်ဆေးကာ ကိုယ်သွားချင်တဲ့နေရာကို အမြန်ဆုံးရောက်ရှိစေဖို့ အထောက်အကူပေးမှာ ဖြစ်ကြောင်းလည်း soranews24 အရ သိရပါတယ်။

READ
နည်းပညာအဆန်းပေါင်းများစွာနဲ့ အသစ်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဘေကျင်း လေဆိပ်သစ်

လင်းလင်း (ShweMom)

SHARE