ပင်လယ်ဓားပြတွေလက်ထဲရောက်သွားတဲ့ နော်ဝေသင်္ဘောတစ်စီးကို ကယ်တင်ဖို့ပြင်ဆင်နေ

Twitter / Euronews

နော်ဝေနိုင်ငံက ကုန်တင်သင်္ဘောတစ်စီးဟာ ပင်လယ်ဓားပြများရဲ့ အပိုင်စီးခြင်းကို ခံထားပြီး၊ သင်္ဘောသား(၉)ဦးကို ပြန်ပေးဆွဲထားကြောင်း သတင်းတွေအရ သိရပါတယ်။ အဲဒီသင်္ဘောဟာ အာဖရိက ရေနက်ဆိပ်ကပ် Benin မှာ ကျောက်ချရပ်နားထားစဉ် ပင်လယ်ဓားပြတွေ စီးနင်းတာကို ခံလိုက်ရပြီး၊ ကမ်းလွန်ဘက်ကို ခုတ်မောင်းဖို့ ဖိအားပေးခံခဲ့ရပါတယ်။

သင်္ဘောအမည်ကတော့ MV Bonita လို့ သိရပြီး၊ ပြီးခဲ့တဲ့စနေနေ့က လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ ပင်လယ်ဓားပြတွေလက်ထဲကို ကျရောက်ခဲ့တာပါ။ သင်္ဘောနဲ့အတူ သင်္ဘောသားတွေဟာ ဘယ်နေရာဘယ်ဌာနကို ရောက်နေတယ်ဆိုတာ အခုထက်ထိ ခြေရာမခံနိုင်သေးပါဘူး။

ကုန်းပေါ်မှာ ကျန်ရစ်တဲ့ သင်္ဘောသားတစ်ချို့က သူတို့သင်္ဘောပျောက်ဆုံးသွားလို့ ရဲကို အကြောင်းကြားရာမှာ သင်္ဘောအပိုင်စီးခံရမှုကို သိရှိခဲ့တာပါ။ အနီးအနားက သင်္ဘောတွေကိုလည်း တပ်လှန့်နှိုးဆော်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။ နော်ဝေပင်လယ်ကူးသင်္ဘောလုပ်ငန်း J.J. Ugland ကလည်း ဒီပြန်ပေးဆွဲခံရမှုကို အတည်ပြုထားပါတယ်။

ပြန်ပေးခံရသူ သင်္ဘောသားအားလုံးဟာ ဖိလစ်ပိုင်နိုင်ငံသားများဖြစ်ကြကြောင်း Norwegian Shipowners’ Association က ထုတ်ပြန်ထားပါတယ်။ Ugland Emergency Response Team အဖွဲ့ကလည်း ဒီကိစ္စကို အမြန်ဆုံးဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပြီး၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Twitter / Euronews

လောလောဆယ်တော့ ပြန်ပေးဆွဲခံရသူတွေရဲ့ မိဘတွေကို Ugland အဖွဲ့က ဆက်သွယ်ထားနိုင်ခဲ့ပြီဖြစ်ပြီး၊ သတင်းအချက်အလက်တွေကိုတော့ အဲဒီအဖွဲ့က ထိန်းချုပ်ထားဦးမယ်လို့ သိရပါတယ်။ အဆိုပါအဖွဲ့က သတင်းထုတ်ပြန်လို့ရတဲ့ အခြေအနေမျိုး ရှိလာခဲ့ရင်၊ သတင်းစာတွေကို အသိပေးသွားမယ်လို့လည်း ပြောပါတယ်။

လင်းသုတ

SHARE