တစ်ပတ် (၃) ရက် အလုပ်ပိတ်ခြင်းဟာ လုပ်ငန်းစွမ်းဆောင်ရည်ကို မြင့်တက်စေနိုင်

unsplash/Brooke Cagle

ဂျပန်နိုင်ငံဟာ အလုပ်အရမ်းလုပ်ပြီး အလုပ်နဲ့ မိသားစုဘ၀နဲ့ မျှတမှုမရှိဘူးလို့ ဆိုကြပါတယ်။ ၀န်ထမ်းတွေရဲ့ မိမိတို့ အလုပ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိ၊ မရှိကို စစ်ဆေးတဲ့အခါမှာလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲ ဂျပန်ဟာ အောက်ဆုံးနားနေရာမှာ ရှိနေပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကုမ္ပဏီတွေဟာ အစည်းအဝေးတွေကျင်းပပြီး အလုပ်ချိန်များပြားလွန်းနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ကြပါတယ်။

Nik MacMillan

ဒီလိုကုမ္ပဏီတွေထဲမှာတော့ မိုက်ကရိုဆော့ဖ်ဂျပန်ဟာ ဒီပြဿနာကို ထိရောက်စွာဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့တာကို soranews24 မှာ တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မိုက်ကရိုဆော့ဖ်ဂျပန်ဟာ Working Reform Project တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီပရောဂျက်ကို Work-Life Choice Challenge Summer 2019 လို့ ခေါ်ပါတယ်။ သြဂုတ်လနှောင်းပိုင်းအပြီးမှာ မိုက်ကရိုဆော့ဖ်ဂျပန်ဟာ ရက်သတ္တပတ်တစ်ပတ်မှာ အလုပ်ပိတ်ရက် (၃) ရက်ပိတ်ပေးတဲ့ ပရောဂျက်ကို ၀န်ထမ်းတွေထံ တစ်လကြာ စမ်းသပ်ပြီး ရလဒ်တွေကို လေ့လာခဲ့ပါတယ်။

READ
ဖခင်သေဆုံးပြီး (၂၂)နာရီအကြာမှာ မျက်ရည်တွေနဲ့ ပန်းဝင်နိုင်ခဲ့တဲ့ အပြေးမယ်

ဆိုလိုတာက မိုက်ကရိုဆော့ဖ်ဂျပန်မှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းဦးရေ (၂,၃၀၀) ကို တစ်ပတ်ကို သောကြာနေ့ပါ အပါအ၀င် စနေ၊ တနင်္ဂနွေ နှစ်ရက်နဲ့ (၃) ရက်ပိတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တစ်ရက်ပိုပိတ်ပေးတဲ့အတွက် လစာလည်း မဖြတ်ခဲ့ပါဘူး။ အလုပ်ချိန်နည်းသွားတဲ့အတွက် အချို့ကတော့ ၀န်ထမ်းတွေရဲ့အလုပ်ပြီးနှုန်းလည်း လျော့ကျသွားလိ့မ်မယ်လို့ ထင်စရာပါ။ ဒါပေမယ့် ပိတ်ရက်(၃) ရက်ပေးလို့ ၀န်ထမ်းတွေဆီက ရလာတဲ့ အကျိုးကျေးဇူးတွေကတော့ တော်တော်လေးကောင်းမွန်ခဲ့ပါတယ်။

 

တစ်လအတွင်း ခွင့်ယူတဲ့ ၀န်ထမ်းအရေအတွက်ဟာ (၂၅.၄) ရာခိုင်နှုန်းလျော့ကျသွားသလို ရုံးခန်းတွင်းလျှပ်စစ်အားသုံးမှုပမာဏဟာလည်း (၂၃.၁) ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ ဒါ့အပြင် ၀န်ထမ်းတွေရဲ့စွမ်းဆောင်ရည်ဟာ (၃၉.၉) ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။ ဒါက ဘာကိုပြသလဲဆိုရင် ၀န်ထမ်းတွေဟာ အလုပ်ချိန်ပိုနည်းလာပေမယ့် အလုပ်တွေပိုတွင်ပြီး ပိုပြီးအောင် လုပ်နိုင်တယ်ဆိုတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

READ
ကျွဲနွားတွေကို စားသောက်တယ်လို့ယူဆကာ မြွေကြီးသတ်ပစ်ခဲ့ကြတဲ့ ရွာသားများ

ဒါ့အပြင် တစ်ပတ်မှာ ရုံးတက်ရက်က (၄) ရက်ပဲ ရှိတာကြောင့် ဒီ(၄)ရက်အတွင်းမှာ အလုပ်တွေ ပြီးအောင် အစည်းအဝေးတက်ရတဲ့အချိန်တွေကို လျော့ချတာ၊ လူချင်းတွေ့ဆုံမယ့် အချိန်အစား အွန်လိုင်းကနေပဲ တွေ့ဆုံဆွေးနွေးတာမျိုးတွေကို ပြောင်းလဲခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ တစ်လကြာ စမ်းသပ်ချက်အပြီး ၀န်ထမ်းတွေကို မေးမြန်းကြည့်ရာမှာ (၉၂.၁) ရာခိုင်နှုန်းသော ၀န်ထမ်းတွေက သူတို့အနေနဲ့ (၄) ရက်ပဲ ရုံးတက်ရတာကို နှစ်သက်ကြောင်း အဖြေပြန်ပေးခဲ့ကြပါတယ်။ ယခုနှစ်ထဲမှာတော့ ခုလို တစ်လကြာ အလုပ်ချိန်စမ်းသပ်မှုဟာ အောင်မြင်ခဲ့တာကြောင့် မိုက်ကရိုဆော့ဖ်အနေနဲ့ နောက်နှစ်နွေရာသီ သို့မဟုတ် တခြားအချိန်တွေမှာလည်း ဒီအစီအစဉ်ကို ဆက်လက် ပြုလုပ်ဦးမယ်လို့ မျှော်လင့်ရပါတယ်။

လင်းလင်း (ShweMom)

SHARE