တစ်စုံတစ်ယောက်က ပိရမစ်လို့ဆိုတာနဲ့ စိတ်ထဲတန်းရောက်လာတာက အီဂျစ်ပဲဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်တွေထဲမှာရော လူပြောများတာကြောင့်ရော အီဂျစ်ဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့တဲ့ သမိုင်းဝင်ပိရမစ်အများဆုံးရှိရာ တည်နေရာလို့ သိကြပါတယ်။ ဒါပေမယ့် အီဂျစ်နိုင်ငံလိုပဲ ပိရမစ်တွေအများကြီးဆောက်လုပ်ထားခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ရှိနေပါသေးတယ်။ အဲဒီနိုင်ငံကတော့ ဆူဒန်နိုင်ငံပါ။ ဆူဒန်ဟာ မြောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် ဘာကြောင့်များ အီဂျစ်ရဲ့ အငွေ့အသက်တွေ တွေ့နေရလဲ စဉ်းစားစရာပါ။

နိုင်းမြစ်ဝှမ်းဒေသ (နူဘီယာ) ယနေ့ခေတ်အခေါ် ဆူဒန်ဟာ Kushite မင်းဆက်(၃) ဆက်တို့ရဲ့ ထီးနန်းစိုက်ရာနယ်မြေဖြစ်ခဲ့ပါတယ်။ ပထမဆုံး Kushite နိုင်ငံတော်ဟာ Kerma ဖြစ်ပြီး (၂၆၀၀-၁၅၂၀ ဘီစီ) ဖြစ်ပါတယ်။ ဒုတိယနိုင်ငံတော်ကတော့ Napata (၁၀၀၀-၃၀၀ ဘီစီ) ဖြစ်ပြီး တတိယနိုင်ငံတော်ကတော့ Meroe (၃၀၀ဘီစီ ကနေ အေဒီ ၃၀၀) မှာ ဖြစ်ပါတယ်။ Kerma နိုင်ငံတော်မှာ ကိုယ်ပိုင်အနုသုခမလက်ရာတွေနဲ့ မြေမြှုပ်သဂြိုလ်တဲ့ အခမ်းအနား ဓလေ့ထုံးတမ်းတွေရှိပေမယ့် Napata နဲ့ Meroe နိုင်ငံတော်တွေကတော့ အီဂျစ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိခဲ့ပါတယ်။
Kushite နိုင်ငံတော်တွေဟာ ထိုခေတ်အခါတုန်းက စီးပွားရေးနဲ့ စစ်ရေးအရာတွေမှာ အီဂျစ်နဲ့ အပြိုင်ရှိခဲ့ပါတယ်။ (၇၅၁) ဘီစီမှာ Kushite ဘုရင် ပီယန်ခီဟာ (၂၄) ဆက်မြောက် မင်းဆက်ကို ဖျက်ချပြီး နိုင်းမြစ်ဝှမ်းတစ်ခုလုံးကို စုစည်းအုပ်ချုပ်ခဲ့ပါတယ်။ ပီယန်ခီနဲ့ ဆက်ခံသူမျိုးဆက်အဆင့်ဆင့်ဟာ (၂၅) ဆက်မြောက် မင်းဆက် ဖာရိုတွေအဖြစ် နိုင်းမြစ်တစ်ခွင်ကို အုပ်ချုပ်ခဲ့ပါတယ်။ (၆၅၆) ဘီစီမှာတော့ ဒုတိယမြောက် နိုင်ငံတော် Napata ဟာ အဆီးရီးယန်းတွေရဲ့ လက်အောက်မှာ ကျရှုံးခဲ့ပါတယ်။

နူဘီယာမှာ ဆောက်လုပ်ထားခဲ့တဲ့ ပိရမစ်တွေဟာ (၂၅၅) ခု ၀န်းကျင်ရှိပြီး ၄င်းတို့ကို နူဘီယန်ပိရမစ်များလို့ ခေါ်ဝေါ်ပါတယ်။ ပိရမစ်တွေဟာ ဘုရင်နဲ့ မိဖုရားတွေရဲ့ သင်္ချိုင်းအုတ်ဂူတွေပဲ ဖြစ်ပါတယ်။ ပထမဆုံးပိရမစ်သုံးခုကို El-Kurru မှာ ဆောက်လုပ်ထားပြီး နောက်ထပ်(၁၄) ခုကတော့ စစ်သည်တော် ဘုရင်မတွေအတွက် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ နိုင်းမြစ်ရဲ့ အနောက်ဘက်ကမ်းပါး နူရီဒေသမှာ ပိရမစ်တွေ အသီးသီးထပ်မံဆောက်လုပ်ခဲ့ပါတယ် ။ ထိုနေရာကတော့ ဘုရင်(၂၁) ပါး၊ ဘုရင်မ(၅၂) ပါးနဲ့ မင်းသားတွေရဲ့ ပိရမစ်တွေ အများကြီးရှိရာ သင်္ချိုင်းမြေဖြစ်ခဲ့ပါတယ်။ ပိရမစ်အားလုံးထဲမှာ ရှေးအကျဆုံးနဲ့ အကြီးဆုံးပိရမစ်ကတော့ Napatan ဘုရင် (၂၅)ဆက်မြောက် မင်းဆက်ဖြစ်တဲ့ ဖာရို Taharqa ရဲ့ ပိရမစ်ပဲ ဖြစ်ပါတယ်။

Kushite ဘုရင့်နိုင်ငံတော်တွေထဲမှာ ပိရမစ်အများဆုံးတည်ဆောက်ခဲ့တဲ့ နိုင်ငံတော်ဟာ Meroe မှာ ဖြစ်ပါတယ်။ ထိုနေရာမှာတော့ ဘုရင်အပါး(၄၀) နဲ့ ဘုရင်မတွေရဲ့ ပိရမစ်တွေကို မြှုပ်နှံထားပါတယ်။ နူဘီယန်ပိရမစ်တွေဟာ အီဂျစ်ပိရမစ်တွေနဲ့ အနည်းငယ်ကွာခြားပါတယ်။ ပိရမစ်တည်ဆောက်တဲ့အခါ အုတ်တွေကို အလျားလိုက်စီပြီး တဆင့်ချင်းစီ ဆောက်လုပ်ထားပါတယ်။ ပိရမစ်ရဲ့ အမြင့်က (၆) မီတာကနေ မီတာ(၃၀) ကြား ရှိပါတယ်။ ပိရမစ်တွေက ဖောင်ဒေးရှင်းသေးတာမို့လို့ ပိရမစ်ရဲ့ အကျယ်ဟာ (၈) မီတာ ကျော်ခဲပါတယ်။ ဒါကြောင့်လည်း ခပ်ရှည်မျောမျောပုံစံ အဆောက်အဦးတွေ အဖြစ်တွေ့ရတာပါ။

ပိရမစ်တွေထဲမှာတော့ တော်ဝင်မျိုးနွယ်တွေကို မံမီရုပ်တွေလုပ်ပြီး ရွှေငွေရတနာတွေအပြည့်နဲ့ သစ်သားအခေါင်းထဲမှာ မြှုပ်နှံထားပါတယ်။ တစ်ခါတစ်လေမှာလည်း လေးနဲ့ မြှားတွေ၊ သစ်သားဘူးတွေ၊ ပရိဘောဂနဲ့ ဖန်ခွက်တွေ၊ အိုးတွေပါ တွေ့ရတတ်ပါတယ်။ (၁၈၃၀) ခုနှစ်မှာတော့ အီတလီလူမျိုး ဆရာဝန်နဲ့ ရတနာမုဆိုး Giuseppe Ferlini ဟာ ပိရမစ်အခု(၄၀) ရဲ့ ထိပ်တွေကို ဖောက်ပြီး ရတနာသိုက်တူးခဲ့ရာမှာ ပိရမစ်အချို့ ပျက်စီးခဲ့ရကြောင်း သိရပါတယ်။
လင်းလင်း (ShweMom)
Ref: elitereaders