အကြောက်လွန်ခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ထက် ပိုအန္တရာယ်များဟု ကောင်စီလူကြီး သတိပေး

Twitter/Mark Treyger

နယူးယောက် ကောင်စီလူကြီးတစ်ဦးဖြစ်တဲ့ Mark Treyger ကတော့ အများပြည်သူကို အသိပေးမှုတွေ လုပ်ခဲ့ပါတယ်။ သူ့ရဲ့သတိပေးမှုမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကြောက်ရွံ့မှုဟာ တကယ့်ကိုရိုနာဗိုင်းရပ်စ်ထက် ပိုပြီး အန္တရာယ်များတယ်လို့ ဆိုပါတယ်။

Mark က ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြုပြီး၊ အမေရိကန်နွယ်ဖွား အာရှသားတွေကို လူမျိုးရေးခွဲခြားမှုတွေ တိုးပွားလာခဲ့တဲ့အပြင် Xenophobia လို့ ခေါ်တဲ့ သူစိမ်းကြောက်ခြင်းစိတ်ခံစားချက်တွေ အပိုပေါ်ပေါက်လာခြင်းကိုလည်း Mark က ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး၊ ဒီအခြေအနေက ကိုရိုနာထက် ပိုအန္တရာယ်များတယ်လို့ ထောက်ပြခဲ့ပါတယ်။

မကြာသေးခင်ရက်ပိုင်းကပဲ မန်ဟက်တန်ရှိ တရုတ်တန်းအနီးက Grand Street ဘူတာမှာ Mask တပ်ထားတဲ့ အမေရိကန်နွယ်ဖွား အာရှအမျိုးသမီးတစ်ဦးကို အမေရိကန်နွယ်ဖွာ အာဖရိကန်တစ်ဦးက “ရောဂါသယ်လာတဲ့ ခွေးမ”လို့ ဆဲရေးတိုင်းတာကာ ကိုယ်ထိလက်ရောက် စော်ကားတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်ကို အနီးအနားက ကြားဝင်ဖြန်ဖြေဖို့ ကြိုးစားသူတစ်ဦးက မှတ်တမ်းတင်ခဲ့ပါ။ Mask တပ်ထားသူ အမျိုးသမီးဟာ သူမရဲ့ခေါင်းကို ထီးနဲ့ရိုက်ခဲ့တဲ့အမျိုးသားကို ပြန်လည်ရင်ဆိုင်နေတာကို တွေ့ခဲ့ပါတယ်။ ဘယ်သူမှလည်း ကြားဝင်ဖြန်ဖြေဖို့ ကြိုးစားခဲ့ခြင်း မရှိဘူးလို့ မူလပို့စ်ပိုင်ရှင် Gin က ရေးသားခဲ့ပါတယ်။

 

Gin က နယူးယောက်ခ်မှာ Mask တပ်ထားသူဆိုရင် အခုအခါမှာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ်လို့ အခြားသူတွေကိုလည်း သတိပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ကောင်စီလူကြီး Mark က အလွန်စိတ်မသက်မသာ ဖြစ်နေပြီး၊ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ထက် ပိုအန္တရာယ်များတဲ့ ပတ်ဝန်းကျင်မငြိမ်းချမ်းမှုကို ဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။

Mark က “ အခုဆို လူမှုကွန်ရက်မှာ အတော်လေး စိတ်မသတီဖွယ်ရာ ဗွီဒီယိုဖိုင်တစ်ခု ပျံ့နှံ့နေပါတယ် …. တရုတ်တန်းက မြေအောက်ဘူတာတစ်ခုအတွင်းမှာ Mask တပ်ထားတဲ့ အမေရိကန်-အာရှ နွယ်ဖွား အမျိုးသမီးတစ်ဦးကို လူတစ်ယောက်က တိုက်ခိုက်ခဲ့တာပါ … ဒါဟာ လုံးဝ လက်ခံစရာ ကိစ္စမဟုတ်ပါဘူး … ”လို့ ပြောပါတယ်။

 

Mark က တက္ကသိုလ်တွေ ကျောင်းတွေမှာလည်း အခုအချိန်ဆို ခွဲခြားခွဲခြား ဆက်ဆံမှုတွေ ကြားနေရကြောင်းဆိုပါတယ်။ သူက “ ကျွန်တော်တို့ ကျောင်းတွေထဲမှာ ဝန်ထမ်းပဲဖြစ်ဖြစ် ကျောင်းသားပဲဖြစ်ဖြစ် သူတို့က ဘယ်လိုလူဖြစ်နေနေ တယူသန်စွာ ခွဲခြားဆက်ဆံခြင်း အနိုင်ကျင့်စော်ကားခြင်းတွေ မပြုလုပ်သင့်ပါဘူး ”လို့ ပြောခဲ့ပါတယ်။

သူက “ အခုနှစ်ဟာ အာရှအမေရိကန် လူမှုဝန်းကျင်နဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျွန်တော်တို့ အောင်ပွဲခံနေတဲ့နှစ်ဖြစ်ပါတယ် … Lunar နှစ်ကို အောင်ပွဲခံရုံသာမကဘဲ … နိုင်ငံတော်အတွက် … ကျွန်တော်တို့ မြို့အတွက် အာရှ-အမေရိကန်တို့ရဲ့ အံ့သြဖွယ်ရာဆောင်ရွက်ချက်တွေအတွက်ကိုလည်း အသိအမှတ်တွေ ပြုနေချိန် ဖြစ်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ တရုတ်တန်းမှာ အခြေပြုတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဝင်ငွေဟာ အရှိန်အဟုန်နဲ့ ထိုးကျသွားခဲ့ပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတစ်မျိုးတည်းနဲ့ဆိုင်တဲ့ ရောဂါမဟုတ်သလို၊ အဲဒီလူတစ်မျိုးကြောင့် ဖြစ်တယ်လို့မြင်တဲ့အမြင်တွေက အမြင်ကျဉ်းမြောင်းရာကျကြောင်း၊ နေ့စဉ်နှင့်အမျှ ကားမတော်တဆမှုကြောင့်၊ တစ်ခြား အကြောင်းပြချက် အမျိုးတွေကြောင့် သေဆုံးနေတဲ့ ဦရေးဟာ ကိုရိုနာဗိုင်းရပ်စ်ထက်ပိုများပြီး ပိုကြောက်ဖို့ကောင်းတဲ့အတွက် မလိုအပ်တဲ့ စိတ်ခံစားချက်တွေ ဖယ်ဖို့ လိုတယ်လို့ Mark က ပြောခဲ့တာပါ။ နောက်ပြီး ချစ်သူများနေ့မှာ တရုတ်တန်းကို လာလည်ကြဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

လင်းဇော်ကို

SHARE