အသက်(၅) နှစ်အောက် ကလေးတွေကို အများဆုံးတစ်နာရီသာ တီဗီကြည့်ခွင့်ပြုသင့်

ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ဖော်ပြချက်အရ အသက်(၅) နှစ်အောက် ကလေးငယ်တွေကို အချိန်အကြာကြီး အီလက်ထရောနစ်ဖန်သားပြင်တွေ ကြည့်ရှုခွင့်မပြုသင့်ကြောင်း ဆိုထားပါတယ်။ အထူးသဖြင့် တီဗီ၊ ဗီဒီယိုနဲ့ ကွန်ပြူတာဂိမ်းတွေကို တစ်နေ့တာအတွင်း အများဆုံးအချိန်တစ်နာရီထက်ပိုပြီး ကလေးတွေဆီ မပြစေသင့်ဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

pexels

ကလေးတွေကို အီလက်ထရောနစ်ဖန်သားပြင်တွေရှေ့မှာပဲ အချိန်ကုန်မခံခိုင်းပဲ ကိုယ်ကာယလှုပ်ရှားမှုနဲ့ လုံလောက်တဲ့ အိပ်စက်အနားယူမှုတွေ ရှိဖို့သာ လေ့ကျင့်သင်ကြားပေးသင့်ကြောင်း WHO က ဖော်ပြခဲ့တာပါ။ ကလေးတွေကို ငယ်ငယ်ကတည်းက ကစားခုန်စားမှာ ပျော်မွေ့အောင် လေ့ကျင့်ပေးထားရင် အရွယ်ရောက်လာတဲ့အခါ ကျန်းမာသန်စွမ်းပြီး အ၀လွန်ရောဂါနဲ့ အခြားရောဂါဘယတွေ ကင်းဝေးတဲ့ လူကြီးတွေဖြစ်လာစေဖို့ ရည်ရွယ်လိုရင်း ဖြစ်ပါတယ်။

WHO က ဒေါက်တာ ဖီအိုနာဘူးလ်ကတော့ အသက်(၁) နှစ်နဲ့ (၄) နှစ်ကြားရှိတဲ့ ကလေးတွေဟာ တစ်နေ့တာမှာ အနည်းဆုံး (၃) နာရီလောက် လှုပ်လှုပ်ရှားရှားနဲ့ ဆော့ကစားဖို့လိုကြောင်း သိရပါတယ်။ အသက်(၁) နှစ်အောက် ကလေးတွေကတော့ အီလက်ထရောနစ်ဖန်သားပြင်မှန်သမျှကို ရှောင်သင့်ပြီး ကြမ်းပြင်တွေပေါ်မှာ လွတ်လွတ်လပ်လပ်ကစားစေသင့်ကြောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

READ
တစ်နေ့လျှင်ကော်ဖီ(၃)ခွက်သောက်ခြင်းဖြင့် ရူးသွပ်ခြင်းကိုကာကွယ်နိုင်
pexels

ကမ္ဘာတစ်ဝှမ်းလုံးမှာ အ၀လွန်သူဦးရေဟာ တစစနဲ့ များပြားလာနေပြီး အလွန်အမင်း အ၀လွန်မှုဟာ အရွယ်မတိုင်ခင် သေဆုံးခြင်း၊ နှလုံးရောဂါ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေအပြင် ကင်ဆာရောဂါနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက ကျန်းမာစွာ နေထိုင်တတ်အောင် ပြုစုပျိုးထောင်ပေးဖို့ WHO ကညွှန်ပြခဲ့တာ ဖြစ်ပါတယ်။

ဘူးလ်က “အရွယ်မတိုင် သေဆုံးမှုကို ကာကွယ်နိုင်ဖို့ ကလေးဘ၀ထဲက ပြုစုပျိုးထောင်ပေးရပါတယ်။ အရွယ်ရောက်သူဦးရေ (၃) ယောက်မှာ (၁) ယောက်ဟာ အ၀လွန်နေပြီး၊ အရွယ်ရောက်သူဦးရေ (၄) ယောက်မှာ (၁) ယောက်ဟာ လုံလောက်တဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို မပြုလုပ်ကြပါဘူး…” လို့ ဆိုပါတယ်။ အသက်(၅) နှစ်အောက် လက်ရှိ တစ်ကမ္ဘာလုံးမှာ ရှိနေကြတဲ့ ကလေးသန်းပေါင်း(၄၀) လောက်ဟာဆိုရင် အ၀လွန်ရောဂါကို ခံစားနေရပါတယ်။ ထိုထဲက (၅၀)ရာခိုင်နှုန်းဟာဆိုရင် အာဖရိကနဲ့ အရှေ့တောင်အာရှဒေသတွေက ဖြစ်ပါတယ်။

READ
အမြင့်ကြောက်တတ်တဲ့ရောဂါဆိုတာဘာလဲ၊ ဘာ့ကြောင့်ဖြစ်ရတာလဲ

ကလေးဘ၀ဟာ ရုပ်ပိုင်းဆိုင်ရာ၊ အသိဥာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ အလေ့အကျင့်တွေ စတင်ဖြစ်ပေါ်နေတဲ့ အချိန်ပါ။ တီဗီကြည့်တာပဲဖြစ်ဖြစ် ၊ ဖုန်းသုံးတာပဲ ဖြစ်ဖြစ် အီလက်ထရောနစ်ဖန်သားပြင်ပေါ်မှာ မှီခိုရတဲ့ဂိမ်းတွေအားလုံးဟာ ကလေးတွေအတွက် ဆိုးဝါးတဲ့ ရလဒ်ကို ဖြစ်စေကြောင်း WHO က ညွှန်ပြခဲ့တာကြောင့် မိဘတွေအဖို့ သတိချပ်သင့်ဖွယ် တင်ပြပေးလိုက်ရပါတယ်။

pexels

လင်းလင်း (ShweMom)

Ref: reuters

SHARE