စားသောက်ဆိုင်တွေမှာ များသောအားဖြင့် ရေတစ်ဖန်ခွက်လောက်တော့ ဖရီးပေးပါတယ်။ ဒါပေမယ့် သဒ္ဓါတရားထက်သန် ရက်ရောလွန်းတဲ့ စားသုံးသူတစ်ဦးကတော့ ရေ ၂ ဖန်ခွက်အတွက် ဝန်ဆောင်မှုပေးတဲ့ ဝိတ်တာမလေးကို မနည်းမနော ဘောက်ဆူးတွေ ဆုချခဲ့ပါတယ်တဲ့။
ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနား၊ ဂရင်းဗီးလ်က Sup Dogs ဆိုတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်က ဖြစ်စဉ်တစ်ခုဖြစ်ပြီး ထူးဆန်းလှတဲ့ စားသုံးသူတစ်ဦးက ဝိတ်တာမလေးကို tip money ဒေါ်လာ ၁ သောင်း (မြန်မာကျပ်ငွေ သိန်း ၁၅၀ ကျော်) တောင် ပေးခဲ့တာပါ။ ဖြစ်ပုံကတော့ စားသုံးသူအမျိုးသားဟာ ဆိုင်ထဲ ဝင်လာပြီးနောက် ရေ ၂ ဖန်ခွက် လာချပေးဖို့ အော်ဒါမှာခဲ့ပါတယ်။ ထို့နောက် ထိုအမျိုးသားက ရုတ်တရက် ထထွက်သွားခဲ့ပါတယ်။ Alaina Custer လို့ အမည်ရတဲ့ စားပွဲထိုးမလေးက မှာထားတာတွေ လာချပေးချိန်မှာတော့ စားပွဲပေါ်မှာ tip money အဖြစ် ပေးခဲ့တဲ့ ဒေါ်လာ ၁၀,၀၀၀ သာ တွေ့ခဲ့ရပါတယ်။

စားသုံးသူ ချန်ခဲ့တဲ့ ဘောက်ဆူး ငွေသား ဒေါ်လာ တစ်သောင်းထဲက အများစုကိုတော့ လက်ခံရရှိခဲ့တဲ့ Custer ကသာ ယူခဲ့ပြီး အချို့ကိုတော့ ကျန်တဲ့ စားပွဲထိုးမလေးတွေက ခွဲယူခဲ့ကြပါတယ်။ “ခုခေတ်မှာ လူကောင်းတွေ ရှိနေသေးပြီး ဒီလိုကြုံရတာလည်း တကယ်ကို မယုံနိုင်စရာပါ။ ကျွန်တော့်ဘဝမှာ စားသုံးသူတွေက tip money အများကြီးပေးတာမျိုး ကြုံဖူးပေမယ့် ဒီလိုဒေါ်လာ ၁ သောင်းကတော့ ထပ်မရှိနိုင်တော့ပါဘူး” လို့ ဆိုင်ရှင် Bret Oliverio က ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒီလိုဘောက်ဆူးအကြီးကြီး ဆုချသွားခဲ့တဲ့ စားသုံးသူက ဘယ်သူဆိုတာ ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ လူထူးဆန်းကတော့ Jimmy Donaldson ဆိုသူ ဖြစ်ပြီး Youtube ပေါ်မှာ နာမည်ကြီးတဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။ Youtube က သူ့ရဲ့ ချယ်နယ်နာမည်ကတော့ MrBeast ဖြစ်ပြီး ဖျော်ဖြေရေး ဗီဒီယိုတွေ တင်ပေးလေ့ရှိသူပါ။ ပရိသတ် ၉ သန်းလောက် ရှိတဲ့ Jimmy ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကလည်း သူ့မိခင်ကို ဒေါ်လာ ၁ သိန်း ပေးခဲ့တဲ့ ဗီဒီယိုတင်ခဲ့ပြီး ကြည့်ရှုသူဦးရေ ၅ သန်းအထိ ရှိခဲ့ပါတယ်။

Youtube စတားဟာ ပီဇာပို့သမားတစ်ယောက်ကိုလည်း ယခုဝိတ်တာမလေးနည်းတူ ဒေါ်လာ ၁ သောင်း ဘောက်ဆူးချခဲ့ဖူးခြင်း ရှိပါသေးတယ်တဲ့။ ပုံမှန်အားဖြင့် Youtube စတားတွေဟာ ကြော်ငြာရှင်တွေကိုယ်စား သူတို့ရဲ့ သန်းချီတဲ့ ပရိသတ်တွေဆီ ဈေးကွက်ထိုးဖောက်ပေးနိုင်လို့ တစ်နှစ်ကို ဒေါ်လာ သန်းချီ ဝင်ငွေရှိသူတွေအဖြစ် ရပ်တည်နိုင်ကြပါတယ်။ ဒါကြောင့်လည်း စားပွဲထိုးကိုတောင် အလှူပေးသလို tip money တွေ လျှောက်ပေးနေနိုင်တာပါပဲ..။
Ref: Dailymail