တောမီးကြောင့် သြစတေးလျကမ်းခြေတစ်ခုမှာ လူ(၄၀၀၀)ကျော် ပိတ်မိနေကြောင်း သိရ

Twitter/bluesfestblues

ရက်ပေါင်းတော်တော်ကြာအောင် တောမီးလောင်မှုကို ရင်ဆိုင်နေရတဲ့ သြစတေးလျမှာ ယနေ့ထက်တိုင် ကြိုကြားကြိုကြားလောင်လိုက်၊ ကျယ်ကျယ်ပြန့်ပြန့်လောင်လိုက်နဲ့ အတော်လေးကို ဒုက္ခကြုံနေရပါတယ်။ အခုလည်း ဗစ်တိုးရီးယား၊ မယ်လာကိုတာ ကမ်းရိုးတမ်းတစ်လျှောက်မှာ လူ(၄,၀၀၀)လောက် ပိတ်မိနေတယ်လို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မီးလောင်မှုနဲ့ဆက်စပ်နေတဲ့ ဒေသမှာတော့ ကောင်းကင်တစ်ခုလုံး အနီရောင်ရဲရဲတောက်နေပြီး အင်္ဂါဂြိုဟ်ရဲ့ကောင်းကင်နဲ့တောင် တူလို့နေပါတယ်။ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တွေကလည်း ဒီလူတွေကို ခေါက်တုန့်ခေါက်ပြန် သယ်ဆောင်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပါတယ်။

Twitter/bluesfestblues
Twitter/bluesfestblues

မီးလောင်မှု ဒီထက်ပိုပြီးနီးစပ်လာရင်တော့ ပင်လယ်ထဲကို ခုန်ချပြီး ဘေးလွတ်အောင် ကြံရုံသာရှိတော့တယ်လို့ ဆိုကြပါတယ်။ အဲဒီကမ်းခြေတွေဟာ ခရီးသွားတွေ သောင်းချီဝင်ရောက်ရာ ကမ်းခြေတွေဖြစ်ပြီး၊ တော်တော်များများကတော့ နှစ်သစ်ကူးအကြိုကတည်းက ဒီကို ပျော်ပွဲရွှင်ပွဲတွေအတွက် ရောက်ရှိနေကြတာပါ။

စစ်သုံးရဟဟ်ယာဉ်တွေဖြစ်တဲ့ ဘလက်ဟော့ခ်နဲ့ Chinook ရဟတ်ယာဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး ပိတ်မိသူတွေကို ကယ်ထုတ်နေကြရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Green Valley မှာ မီးငြှိမ်းသတ်နေတဲ့ မီးသတ်သမား Samuel McPaul (၂၈)နှစ်တစ်ယောက် အသက်စွန့်သွားခဲ့ရပါတယ်။

Twitter/bluesfestblues
Twitter/bluesfestblues

New South Wales Rural Fire Service မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးလည်း မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး၊ အရေးပေါ်ဆေးကုသမှု ခံယူနေရပါတယ်။ မရပ်မနား တောမီးလောင်မှုတွေကြောင့် ကုန်းနေသားရိုင်းတိရစ္ဆာန် တော်တော်များများလည်း ကူကယ်ရာမဲ့ပြီး ရာနဲ့ချီ မီးလောင်သေဆုံးနေရပါတယ်။

ဒေသခံတွေဖြစ်တဲ့ Robert Salway နဲ့ သားဖြစ်သူ Patrick (၂၉)နှစ်တို့လည်း နေအိမ်ကို မီးရန်ကာနေ ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ လက်ရှိအချိန်ထိတော့ (၄)ဦးပျောက်ဆုံးနေဆဲဖြစ်လို့ သက်ဆိုင်ရာ မိဘတွေကတော့ အတော်လေး စိုးရိမ်ပူပန်နေရပါတယ်။

Twitter/bluesfestblues
NASA

ဗစ်တိုးရီးယားနယ်မြေ အရေးပေါ်ကယ်ဆယ်မှု စီမံကွပ်ကဲရေးအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ Andrew Crisp ကတော့ ဒါဟာ ပြည်နယ်အတွက် အလွန်ကို အကျပ်တည်းဖြစ်စေခဲ့တဲ့ သဘာဝဘေးကြီးလို့ ပြောပါတယ်။ ဒီဒေသဟာ တစ်ခြားပြည်နယ်တွေနဲ့မတူ ပူနွေးခြောက်သွေ့တဲ့အတွက် မီးလောင်လွယ်တဲ့ ဒေသလို့ ပြောပါတယ်။

နယ်မြေအာဏာပိုင်အဖွဲ့ကတော့ အနီရောင်အဆင့် သတ်မှတ်ကြေညာပြီး၊ နိုင်ငံတော်ဘက်ကလည်း တက်နိုင်သလောက် ကယ်ဆယ်ရေးတွေကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောပါတယ်။ တောမီးလောင်မှုဟာ ကြီးသထက်ကြီးလာလို့ ဂြိုဟ်တုကနေတောင် မီးခိုးတွေ ဖုံးလွှမ်းနေတဲ့အနေအထားကို မြင်ရတယ်လို့ သိရပါတယ်။

လင်းဇော်ကို

SHARE