ခရီးသည်(၂)ဦးကြောင့် အခြားခရီးသည်(၆,၀၀၀)ကျော် ဇိမ်ခံသင်္ဘောပေါ်မှာ ပိတ်မိနေတဲ့အဖြစ်

Twitter/Filippo64416163

ခရီးသည်(၆၀၀၀) စီးနင်းလိုက်ပါလာတဲ့ ကမ္ဘာကျော်ဇိမ်ခံသင်္ဘောကြီး Costa Smeralda ဟာ အခုအခါမှာတော့ ခြောက်ခြားဖွယ်ရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီလို့ သိရပါတယ်။ အကြောင်းကတော့ ခရီးစဉ်မှာလိုက်ပါလာတဲ့ တရုတ်ဇနီးမောင်နှံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိနေလို့ အခြားခရီးသည်တွေကိုလည်း အသေးစိတ်စစ်ဆေးဖို့ လိုအပ်လို့ပါ။

 

Costa Smeralda ဟာ ရောမနဲ့ (၃၅)မိုင်အဝေး၊ Civitavecchia အနီးက ပင်လယ်ပြင်မှာ ကျောက်ချရပ်နားနေပြီး ခရီးဆက်နိုင်ခြင်း မရှိသေးပါဘူး။ ဇိမ်ခံသင်္ဘောပေါ်မှာ အားလပ်ရက်အပန်းဖြေဖို့ လိုက်လာတဲ့ အခြားခရီးသည်တွေအတွက်တော့ အတော်လေး တုန်လှုပ်နေကြပါတယ်။

 

ဖြစ်စဉ်အစမှာ တရုတ်အမျိုးသမီးက သူမ ဖျားနေကြောင်း၊ အသက်ရှူရတာလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုခဲ့တာပါ။ သူမဟာ အသက်(၅၄)နှစ်ဖြစ်ပြီး၊ သူတို့နှစ်ယောက်ရဲ့ တစ်ဦးချင်းဆိုင်ရာ အချက်အလက်တွေကိုတော့ သက်ဆိုင်ရာက ထုတ်ပြန်ခြင်း မရှိပါဘူး။ သူတို့ဟာ ဗြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ကုန်းမြေပေါ်က ဒေါက်တာတွေနဲ့ ဆက်သွယ်ခဲ့တာပါ။

 

လုနာအမျိုးသမီးက သူမခံစားနေရတဲ့အဖြစ်အပျက်တွေကို တင်ပြခဲ့ပြီး၊ ဆေးစစ်မှုတွေကလည်း နောက်တစ်ရက်မှာမှ တိတိကျကျ သိရမှာမို့ အခြားခရီးသည် (၆၀၀၀)ကိုလည်း သင်္ဘောကနေ ထွက်ခွာခြင်း၊ သီခြားသဘောနဲ့ ကုန်းပေါ်တက်ပြီး လည်ပတ်ခြင်းတွေ မပြုလုပ်ဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။။

ကနဦးစစ်ဆေးမှုတွေအရ ကူးစက်ခံရသူလို့ ယူဆရသူနှစ်ဦးရဲ့ ဆေးအဖြေမှာ Negative ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း အာဏာပိုင်တွေက ပိုမိုတိကျတဲ့ရလဒ်တွေရဖို့ ရက်အတန်ကြာ အချိန်ယူပြီး စစ်ဆေးဖို့လိုအပ်ကြောင်း ထောက်ပြခဲ့ပြီး၊ သင်္ဘောကို ခုတ်မောင်းခွင့် မပေးသေးပါဘူး။

တစ်ချို့သတင်းရင်းမြစ်တွေမှာတော့ ခရီးသည် (၇၀၀၀)အထိ Costa Smeralda သင်္ဘောပေါ်မှာ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ အမည်မဖော်လိုသူ ခရီးသည်တစ်ဦးက သတင်းမီဒီယာရဲ့ဆက်သွယ်မေးမြန်းမှုမှာ လူနာနှစ်ဦးရဲ့အခန်းကို သီခြားကန့်သတ်ပြီး ဒေါက်တာတွေက အသေးစိတ်စစ်ဆေးနေပါသတဲ့။

 

သူက “ ကျွန်တော်တို့ နည်းနည်းတော့ စိုးရိမ်တာပေါ့ … ဘယ်သူမှ ဒေါက်တာတွေရဲ့ မျက်ကွယ်ဝေးတဲ့ သင်္ဘောပေါ်ကနေ ဆင်းခွင့်တက်ခွင့် မရှိပါဘူး … အခု အားလပ်ရက်ခရီးစဉ်ကတော့ တကယ့်ကို အိပ်မက်ဆိုးပါဘဲ … ”လို့ ပြောခဲ့ပါတယ်။ ခရီးသည်တော်တော်များများကတော့ သူတို့ရဲ့ အတွေ့အကြုံ၊ ဝေဖန်မှုတွေကို လူမှုကွန်ရက်တွေမှာ တင်ထားကြပါတယ်။

လင်းသုတ

SHARE