ခရီးသည်ကို လေယာဉ်မောင်းခိုင်းခဲ့တဲ့ လေယာဉ်မှူး၊ စစ်ဆေးမှုတွေခံယူနေရ

siberiantimes

ရုရှားနိုင်ငံက လေကြောင်းလိုင်းတစ်ခုမှာ လေယာဉ်ပျံသန်းနေစဉ်အတွင်း၊ တာဝန်ကျ ကပ္ပတိန်က  လေယာဉ်စီးနင်းလိုက်ပါလာတဲ့ ခရီးသည်အမျိုးသမီးကို ဦးပိုင်းအတွင်း ဝင်ရောက်ခွင့်ပြုကာ၊ လေယာဉ်ကို ထိန်းချုပ်မောင်းနှင်စေခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ရုရှားအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

လေယာဉ်ကို ဝင်ရောက်မောင်းနှင်ခဲ့တဲ့ ခရီးသည်အမျိုးသမီးအမည်ကတော့ Anna လို့ သိရပြီး၊ သူမဟာ လက်ထောက်လေယာဉ်မှူးရဲ့ထိုင်ခုံမှာ ဝင်ထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်မောင်းနှင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ မှတ်တမ်းဗွီဒီယိုထဲမှာ လေယာဉ်မှူးရဲ့ ညွှန်ကြားချက်ပေးနေတဲ့ အသံကိုလည်း ကြားနေရပါတယ်။

siberiantimes

အခင်းဖြစ်ခဲ့ရာလေကြောင်းလိုင်းအမည်ကတော့ IrAero လို့သိရပြီး၊ Antonov-24  အမျိုးအစားလေယာဉ်ပေါ်မှာ ဖြစ်ခဲ့တာပါ။ ဒီလေယာဉ်ဟာ Yakutsk ကနေ Batagay မြို့ကို ပျံသန်းခဲ့ပါတယ်။ လေကြောင်းလိုင်းက ဒီကိစ္စကို အလွန်စိတ်ဆိုးဒေါသထွက်ခဲ့ပြီး၊ စစ်ဆေးမှုရလဒ်တွေကို အခြေခံပြီး၊ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအပေါ် အရေးထား ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။

နောက်ပြီး ၎င်းတို့ကြေညာချက်မှာ လေယာဉ်ဦးပိုင်းက ထိန်းချုပ်ခလုတ်တွေဟာ ခရီးသည်တွေရဲ့ လေကြောင်းလိုင်းရဲ့ ကောင်းခြင်းဆိုးခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး၊ ခရီးသည်ပို့ဆောင်ရေးနယ်ပယ်ကိုလည်း အကျိုးသက်ရောက်မှုတွေ အများကြီးရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အခင်းဖြစ်ခဲ့တဲ့နေ့ကတော့ သြဂုတ်လ (၃၁)ရက်နေ့လို့ သိရပါတယ်။

siberiantimes/Shutterstock

သို့ပေမယ့် အခုမှ ဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ ဗွီဒီယိုဟာ မကြာသေးခင်ကမှ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာမို့၊ အခုမှ သက်ဆိုင်ရာက ရိပ်မိသိရှိတဲ့သဘောပါ။ ဗွီဒီယိုဖိုင်ကို Anna ကိုယ်တိုင်က ဖြန့်ဝေခဲ့တာဖြစ်ပြီး၊ သင်ကြားပေးတဲ့ ကပ္ပတိန်ကို ကျေးဇူးတင်ကြောင်း သူမက ပြောထားပါတယ်။ ဒါပေမယ့် ဝေဖန်မှုတွေကြောင့် သူမက ဗွီဒီယိုကို အမြန်ဖျက်လိုက်ပါတယ်။

ဗွီဒိယိုထဲမှာ လေယာဉ်မှူးက “ ညာဘက်ကို ပြန်ဆုတ်လိုက် … အခု ဘယ်ဘက်ကို ရွှေ့ပြီး နောက်ကို ပြန်ဆွဲလိုက် … ”ဆိုပြီး ညွှန်ကြားနေပါတယ်။ ဒေသခံမီဒီယာတွေကတော့ လေယာဉ်မှူအမည်မှာ Kirill လို့ ဖော်ပြထားပြီး၊ အမျိုးသမီးမှာ သူရဲ့ရည်းစား၊ ဒါမှမဟုတ် အလွန်ကိုရင်းနီးတဲ့ သူငယ်ချင်းဖြစ်လိမ့်မယ်လို့ ရေးနေကြပါတယ်။

siberiantimes

အခင်းဖြစ်ခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် မည်ရွှေ့မည်မျှပါဝင်တယ်ဆိုတာကိုလည်း သတင်းတွေမှာ အတည်မပြုနိုင်သေးပါဘူး။ အခင်းအဖြစ်အပျက်ကို ပို့ဆောင်ရေးဘက်က အာဏာပိုင်တွေကလည်း စုံစမ်းစစ်ဆေးနေပြီး၊ လိုအပ်တဲ့ အရေးယူမှုတွေ မကြာခင်မှာ ပြုလုပ်နိုင်ဖွယ်ရာရှိကြောင်း သိရပါတယ်။

လင်းဇော်ကို

SHARE