လေယာဉ်စီးခရီးသည်တစ်ဦးဟာ လေယာဉ်ပေါ်တက်ဖို့ရန်စောင့်ဆိုင်းနေတဲ့အချိန်အတွင်း လူတွေကို အသိပေးကြေညာတဲ့ မိုက်ကရိုဖုန်းကိုအသုံးပြုပြီး Blackstreet တေးဂီတအဖွဲ့ရဲ့ No Diggity သီချင်းကို သီဆိုဖျော်ဖြေခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

အဆိုပါဖျော်ဖြေမှုဟာ New Orleans မြို့ Louis Armstrong အပြည်ပြည်ဆိုင်ရာလေဆိပ်က ဂိတ်အမှတ်(၇)မှာ Southwest Airlines လေယာဉ်ကို စောင့်ဆိုင်းနေစဉ်မှာဖြစ်ပါတယ်။ လေယာဉ်စီးကြတဲ့အခါ ခရီးသွားတွေအတွက် ပျင်းစရာအကောင်းဆုံးအချိန်တွေက လေယာဉ်ပေါ်တက်ဖို့ ဂိတ်မှာစောင့်နေတဲ့အချိန်ရယ်၊ လေယာဉ်ဆိုက်တဲ့အခါအထုတ်အပိုးတွေကို ပြန်ရွေးရတဲ့အချိန်တွေပါ။
ဒီအချိန်မှာ ခရီးသွားအမျိုးသားတစ်ယောက်က ခရီးအတူသွားကြမယ့်လူတွေကို ရွှင်မြူးစေဖို့အတွက် အချိန်(၃)မိနစ်လောက် သူရဲကောင်းတစ်ဦးလုပ်ခဲ့ပါတယ်။ ၉၀ခုနှစ်တွေတုန်းက R&B သီချင်းတစ်ပုဒ်ကို မိုက်ကရိုဖုန်းသုံးပြီး သီဆိုခဲ့တာပါ။ အဆိုပါဗီဒီယိုကို စက်တင်ဘာ (၂၅)ရက်က Mike Vadala ဆိုသူက Facebook ပေါ်တင်ခဲ့ပြီး အွန်လိုင်းမှာ ချက်ချင်း ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Love What Matters page က ထပ်ရှဲခဲ့ပြီး ကြည့်ရှု့တဲ့အကြိမ်ပေါင်းကလည်း (၁၅)သန်းကျော်ရှိခဲ့ပါတယ်။

Mr.Vadala ရဲ့ post အရ ဂိတ်အမှတ်(၇)မှာ စောင့်ဆိုင်းနေကြတဲ့ ခရီးသွားတွေကို လေကြောင်းလိုင်းဝန်ထမ်းတစ်ယောက်က လေယာဉ်စောင့်နေတုန်းမှာ မေးချင်တာရှိရင်မေးနိုင်ပေမယ့် မေးတဲ့အတွက် သီချင်းဆိုပြရမယ်နော်လို့ နောက်လိုက်တာဖြစ်ပါတယ်။ ဒါကို အနီရောင်ရှပ်အင်္ကျီနဲ့ ခရီးသွားအမျိုးသားက လက်ခံပြီး သီချင်းဆိုပြလိုက်တဲ့အခါမှာ နောက်ပါသီဆိုအားပေးသံတွေ ကခုန်တာတွေနဲ့အတူ ဂိတ်တခုလုံးဟာ ရယ်သံတွေလွှမ်းပြီး ပျော်စရာကောင်းသွားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်က လူတွေကတော့ အဆိုပါသီချင်းသီဆိုမှုနဲ့ပတ်သက်လို့ အသက်အရွယ်လူမျိုးမရွေး လူတိုင်းကရယ်မောပျော်ရွှင်တာကြောင့် နှစ်သက်ကြောင်း ပြောဆိုထားပါတယ်။ မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးကလဲ အခုလိုအပြုအမူလေးတွေက ခရီးသွားတွေကို စိတ်ချမ်းမြေ့မှုပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။