မြန်မာငွေသိန်း(၂၀) ကျော်တန်ဖိုးရှိတဲ့ ပန်းချီကားတွေကို ရေးဆွဲနေတဲ့ (၁၆) နှစ်သားလေး

instagram/naimshoga

မလေးရှားနိုင်ငံ Sekolah Seni Malaysia Johor (SSeM) မှာ ပညာသင်ကြားနေတဲ့ အသက် (၁၆) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ပန်းချီပညာထူးချွန်သူ ဖြစ်ပါတယ်။ သူ့နာမည်က နာအင်းမ်ဟာမစ်ဒ် ဖြစ်ပါတယ်။ သူက ယနေ့အချိန်ထိ ပန်းချီကားချပ်ပေါင်း (၃၀) ကျော်ကို ရေးဆွဲခဲ့ပြီးဖြစ်ပါတယ်။ သူ့ပန်းချီကားတွေက မလေးရှားရင်းဂစ် (၆, ၀၀၀) လောက်ရှိတာကြောင့် မြန်မာငွေနဲ့ ဆိုရင်တော့ သိန်း(၂၀) ကျော်တန်ပါတယ်။

instagram/naimshoga

နာအင်းမ်ဟာ ၂၀၁၉ ခုနှစ် SPM Visual Art Exhibition မှာ ပါဝင်ဆင်နွှဲနေပါတယ်။ ဒီပြပွဲမှာတော့ နာအင်းမ်ရဲ့ ပန်းချီလက်ရာတွေအပြင် အခြားကျောင်းသား (၁၇) ဦးတို့လည်း လက်ရာတွေလည်း ပြသထားပါတယ်။

instagram/naimshoga

နာအင်းမ်ရဲ့ အကောင်းဆုံးပုံတူပန်းချီဖန်တီးမှုနှစ်ခုကတော့ မလေးဝန်ကြီးချုပ်ဇနီးမောင်နှံနဲ့ ဆော်ဒီဘုရင် ဆာလ်မန်အက်ဘ်ဒူလာဇစ်အယ်လ်ဆော့ဒ်တို့ရဲ့ ဆီဆေးပန်းချီတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာတော့ နာအင်းမ်က သူရေးဆွဲခဲ့တဲ့ ပန်းချီကားကို ၀န်ကြီးချုပ်ဆီ ကိုယ်တိုင်ကိုယ်ကျ လက်ဆောင်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ မနှစ်တုန်းကလည်း သူဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အထက်တန်းကျောင်းအနုပညာစွမ်းရည်ပွဲတော်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ဆုကိုလည်း လက်ခံရရှိခဲ့ပါသေးတယ်။

READ
အဖေ့မွေးနေ့မှာ သူတစ်လျှောက်လုံး အိပ်မက်မက်ခဲ့ရတာကို ဖြည့်ဆည်းပေးခဲ့တဲ့ သားလိမ္မာ
instagram/naimshoga

နာအင်းမ်က သူ့ရဲ့ပါရမီကို အသက်(၉) နှစ်အရွယ်မှာ စတင်တွေ့ရှိခဲ့တာပါ။ သူပထမဆုံး ရေးဆွဲခဲ့တာကတော့ ရွှေငါးတစ်စုံရဲ့ ပုံဖြစ်ပါတယ်။ ရွှေငါးပုံကို သူပန်းချီစဆွဲတော့ ဆရာကနေ ရွှေငါးလေးတွေဟာ လက်ရာမြောက်ကြောင်း၊ (၉) နှစ်ကလေးတစ်ယောက်အနေနဲ့ ခုလို ဆွဲတတ်တာ တကယ်တော်ကြောင်း ချီးမွမ်းကာ နာအင်းမ်ရဲ့ မိဘတွေကိုပါ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေကလည်း အလားအလာရှိတဲ့ ကလေးကိုမြေတောင်မြှောက်ပေးဖို့အတွက် အနုပညာသင်တန်းတစ်ခုကို အပ်ပေးခဲ့ပါတယ်။

Ihsan Naim Hamid Hamidin

မာလာယာတက္ကသိုလ်က နည်းပြဆရာတစ်ဦးဖြစ်သူ နာဒင်းမ်ရဲ့ ဖခင်ကတော့ သားဖြစ်သူရဲ့ ပန်းချီကားတွေ ရောင်းချလို့ရတဲ့ထဲက (၈၀) ရာခိုင်နှုန်းကိုတော့ ကလေးပညာရေးအတွက် ငွေစုထားပြီး (၂၀) ရာခိုင်နှုန်းကိုတော့ ကုသိုလ်ဖြစ်အဖွဲ့အစည်းတွေကို လှူဒါန်းတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE