ချစ်တင်းနှောဖော် ရှာမရလို့ ဒေါသထွက်နေတဲ့ ဒေါင်းကြီး တွေ့သမျှလူကို လိုက်ရန်ရှာတဲ့အဖြစ်

Facebook/SusanSimmons

ဒေါင်းငှက်တွေဟာ အရောင်အသွေးအလွန်လှပတဲ့ အတောင်အမွေးတွေကို ပိုင်ဆိုင်ထားလို့ လူတွေက မြင်တာနဲ့ သဘောကျလေ့ရှိပါတယ်။ ဒေါင်းငှက်တွေဟာ အခုဆိုရင် တဖြည်းဖြည်း ရှားပါးလာနေပြီဖြစ်ပြီး၊ သက်ဆိုင်ရာ အစိုးရတွေက အထူးကြပ်မက် ထိန်းသိမ်းရေးတွေ ပြုလုပ်နေရပါတယ်။

ဒေါင်းငှက်တွေဟာ မိတ်လိုက်တဲ့ရာသီမျိုးမှာ ရန်လိုဒေါသထွက်တတ်ကြပါတယ်။ အထူးသဖြင့် ဒေါင်းအထီးတွေဟာ အဲဒီလို ရာသီမျိုးမှာ အကြောက်အလန့် အလွန်ကင်းကြပြီး၊ နီးစပ်ရာ တိရစ္ဆာန်တွေကိုသာမက လူတွေကိုပါ ရန်ရှာတိုက်ခိုက်တတ်ပါတယ်။ ဒီအဖြစ်အပျက်လေးကလည်း သက်သေတွေထဲက တစ်ခုပါ။

ကနေဒါနိုင်ငံ၊ ဗြိတိန်ကိုလံဘီယာနယ်မြေ၊ ဗစ်တိုးရီးယားမြို့မှာ ဒေါင်းတစ်ကောင်က လူနေရပ်ကွက်တစ်ခုထဲမှာ သောင်းကျန်းနေခဲ့ပါတယ်။ အဆိုပါ ဒေါင်းငှက်ဟာ ရောက်စတုန်းကတော့ လူတွေက ချစ်လွန်းလို့ လာလာကြည့်ကြပါတယ်။ နောက်တော့ သူ့ရဲ့ ရန်လိုတိုက်ခိုက်မှုတွေ ခံရတော့တာပါပဲ။

ဒေါင်းကြီးဟာ အနီးအနားတိရစ္ဆာန်ရုံကနေ လွတ်မြောက်လာခဲ့ပုံပါ။ ကနဦးတော့ သူက အေးအေးဆေးပါ။ သူနဲ့ ဓာတ်ပုံရိုက်ရတာကို လူတွေက ပျော်နေခဲ့ကြပါသေးတယ်။ နောက်တော့ ဒေါင်းကြီးဟာ လူနေအိမ်တွေရဲ့ တံခါးရှေ့မှာ ပိတ်ပြီးအိပ်နေတာမျိုး ရှိသလို၊ လူတွေကို လိုက်ခွပ်လေ့ရှိပါတယ်။

Facebook/SusanSimmons

အဖွားအိုတစ်ယောက်ဆိုရင် ဒဏ်ရာ ဆိုးဆိုးရွားရွား ရရှိခဲ့ပြီး၊ စာပို့သမားတွေ၊ Delivery သမားတွေကိုလည်း အလွတ်မပေးပါဘူး။ ကားသမားတွေကိုလည်း တိုက်ခိုက်တာကြောင့် ယာဉ်မတော်တဆမှုတောင် ဖြစ်ခဲ့ရသေးတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးဖြစ်တဲ့ Susan Simmons (၅၅)နှစ်က ပြောပါတယ်။

Susan က “ ဒဏ်ရာရရှိခဲ့တဲ့ အဖွားအိုကတော့ အသက်(၉၀)လောက် ရှိနေပြီ …. လူကောင်ကလည်း သေးသေးပါပဲ … အိမ်ပြန်လာတဲ့ တစ်နေ့မှာ ဒေါင်းအနားကို အတော်လေး နီးကပ်တဲ့အနေအထား ရောက်သွားခဲ့ပါတယ် … ဒေါင်းက ပျံလာပြီး အဖွားရဲ့လက်ကို ခြေသည်းတွေနဲ့ ကုတ်ခြစ်သွားပါတယ် ”လို့ ပြောခဲ့ပါတယ်။

ဒေါင်းကြီးဟာ မိတ်လိုက်ရာသီဖြစ်သလို၊ မိတ်လိုက်ဖော်လည်း အလွယ်တကူ ရှာမရလို့ အခုလို ရန်လိုတိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မနက်(၅)နာရီလောက်နေ ည(၈)နာရီလောက်အထိ တကျူကျူတွန်တဲ့အတွက် ကလေးတွေကလည်း ကြောက်နေပါတယ်။

No words…..

Posted by Susan Simmons on Monday, 8 June 2020

ဒေသခံတစ်ဦးက ဒေါင်းကြီးကို ငရုပ်ကောင်းစပရေးနဲ့ မောင်းထုတ်ရင် မကောင်းဘူးလား အကြံပေးခဲ့ပေမယ့် ကနေဒါမှာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုမြောက်ရင် ပေါင် (၁၁၆၀)လောက်အထိ ဒဏ်ငွေချမှတ်ခံရနိုင်ပါတယ်။ နောက်တော့ တိရစ္ဆာန်ထိန်းချုပ်ရေးအဖွဲ့ကို ဖုန်းဆက်ခဲ့ကြပါတယ်။

အဆိုပါအဖွဲ့က ဒေါင်ကြီးကို လှောင်အိမ်ထဲမှာ ထည့်ပြီး လှောင်ပိတ်ထားပါတယ်။ ဒါပေမယ့် မကြာခဏ လွတ်လွတ်နေလို့ မကြာခဏ ပြန်ပြီးဖမ်းဆီးနေရတယ်လို့ ဆိုပါတယ်။ သူ့ကိုဖမ်းဖို့ တစ်ခါတလေ တစ်ရက်လောက်တောင် အချိန်ပေးရပါသတဲ့။ အခုတော့ ဒေါင်းကြီးဟာ လှောင်အိမ်ထဲမှာ ရှိနေဆဲပါ။

လင်းသူရိန်

SHARE