ထောင်တွင်းအတွေ့အကြုံကို ခံစားချင်ကြတဲ့သူတွေ အတွက် ထောင်ထဲက ဘ၀နေထိုင်မှုပုံစံမျိုး ရရှိနိုင်တဲ့ ဟိုတယ်တစ်ခုရှိပါတယ်။ အဆိုပါဟိုတယ်ဟာ အင်္ဂလန်နိုင်ငံ ကန့်န်ပြည်နယ်မှာရှိပြီး Penny Rope Bed Chamber လို့ အမည်ရပါတယ်။
ထူးထူးဆန်းဆန်းပဲ သံတိုင်တွေနောက်မှာ နေထိုင်ရတဲ့ခံစားမှုမျိုးကို လိုချင်တဲ့သူတွေကတော့ ထိုဟိုတယ်မှာ အခကြေးငွေပေး တည်းခိုနိုင်မှာဖြစ်ပြီး တစ်ညကို(၇၅) ပေါင် ကျသင့်ပါတယ်။ အောက်မှာတော့ အကျဉ်းခန်းတွေပုံစံအတိုင်း အပြင်အဆင်မျိုးနဲ့ ဟိုတယ်တွင်းမှာ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို တွေ့ရမှာဖြစ်ပါတယ်။ တံခါးပေါက်ကလည်း တကယ့်အကျဉ်းခန်းတံခါးပုံစံအတိုင်း ထူးထူးထဲထဲနဲ့ရှိနေပြီး ချောင်းကြည့်ပေါက်သံတိုင်လေးတွေပါ ပါဝင်ပါသေးတယ်။
အခန်းအပြင်ပိုင်းမှာ အကျဉ်းခန်းနဲ့ သဏ္ဍာန်တူအောင် ပြင်ဆင်ထားပေမယ့် အတွင်းပိုင်းမှာတော့ သက်တောင့်သက်သာလေးရှိမယ့်ပုံ ပေါ်ပါတယ်။ အိမ်လုပ်နံရံကပ် အိပ်စင်လေးနဲ့အတူ အိပ်စင်လေးနဲ့ကပ်လျက်မှာ စင်လေးတစ်ခုရှိပါတယ်။ စင်လေးပေါ်မှာတော့ ညမီးရောင်ကလေးရအောင် မီးအိမ်လေးတစ်လုံးနဲ့ သံမတ်ခွက်ကလေးတွေ ရှိပါတယ်။
အသက်(၅၅)နှစ်အရွယ် ဟိုတယ်ပိုင်ရှင် ပိုလီဟိုက်က ဟိုတယ်အိပ်ရာအခင်းလေးတွေကို အဖြူရောင်ချည်လီနင်သားတွေခင်းပေးထားပြီး ထူထဲတဲ့ငှက်မွှေးဂွမ်းကပ်၊ စောင်၊ အပူပေးစက်နဲ့ ချမ်းစီးတဲ့ညနေခင်းတွေမှာ နွေးနွေးထွေးထွေးရှိနေဖို့ ရေပူပုလင်းလေးတွေလည်း ထည့်ပေးပါသေးတယ်။ ဒါပေမယ့် ရေချိုးခန်းနဲ့အိမ်သာကတော့ အခန်းအပြင်ဘက်က ပန်းခြံထဲမှာပဲ အသုံးပြုရမှာဖြစ်ပါတယ်။
ပိုင်ရှင်ဖြစ်သူ ပိုလီဟာ ဟိုတယ်အဖြစ်အသွင်ပြောင်းလာမယ့် ပစ္စည်းသိုလှောင်ရုံကို (၂၀၁၀)တုန်းက ၀ယ်ယူခဲ့ပါတယ်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကလဲနဲ့တိုင်ပင်ပြီး ထိုဂိုထောင်ကို ထောင်အကျဉ်းခန်းလေးတွေအဖြစ် ပြင်ဆင်ပြီး ဟိုတယ်ဖွင့်လှစ်ဖို့ စိတ်ကူးပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပိုလီက ဟိုတယ်လာဧည့်သည်တွေအနေနဲ့ Penny Rope ကို ပြင်ပဟိုတယ်တွေနဲ့မတူ ထူးခြားပြီး လွတ်လွတ်လပ်လပ်နဲ့ အနားယူနိုင်တဲ့နေရာလေးဖြစ်အောင် စီစဉ်ထားကြောင်းလည်း ပြောပြခဲ့ပါတယ်။
လင်းလင်း (ShweMom)
Ref: Dailymail