အမေရိကန်စစ်တပ်ကတော့ စစ်သားတွေအတွက် စူပါခွန်အားနဲ့ ခံနိုင်ရည်တို့ကို ပေးစွမ်းနိုင်မယ့် ‘Iron Man’ ကဲ့သို့ နည်းပညာသုံး ဝတ်စုံအမျိုးအစားကို တီထွင်ဖို့ ဒေါ်လာ ၆.၉ သန်းတန် ပရောဂျက် စတင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
Onyx လို့ နာမည်ပေးမယ့် အဆိုပါဝတ်စုံမှာ အာရုံခံကိရိယာတွေ၊ AI စနစ်တွေအပါအဝင် လှုပ်ရှားမှုကို အထောက်အပံ့ပေးမယ့် အခြားနည်းပညာတွေ ထည့်သွင်းဖန်တီးထားမှာ ဖြစ်ပါတယ်။ ဒီဝတ်စုံရဲ့ မူလတုန်းက အိုင်ဒီယာဟာ မသန်စွမ်းတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး Lockheed Martin ကုမ္ပဏီက တီထွင်ထားတာပါ။ အလေးအပင် ဆွဲရတာတွေ၊ ကိရိယာ ကိုင်တွယ်ရတာတွေ၊ ခက်ခဲတဲ့ လှုပ်ရှားမှုတွေ၊ ကုန်းအတက်အဆင်း စတာတွေမှာ အရှိန်မြှင့်တင်ပေးဖို့ ယခု ဝတ်စုံကို ဖန်တီးနေတာဖြစ်ပါတယ်။

“လူတွေက ခွန်အားက အကန့်အသတ်ရှိပါတယ်။ ဒါကို ONYX ဝတ်စုံက ကြွက်သား အားစိုက်မှုတွေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပြီး ဒဏ်ရာရရှိမှုတွေကိုလည်း လျော့နည်းစေမှာပါ” လို့ ကုမ္ပဏီဘက်က ရှင်းပြထားပါတယ်။ စစ်မြေပြင် သွားရတဲ့ တပ်သားတွေအတွက်လည်း ကျည်ကာတွေ၊ ညကြည့်မှန်ပြောင်းတွေ၊ စကားပြောစက်တွေ စတဲ့ လိုအပ်တဲ့ ကိရိယာတွေ ဆင်ပေးပြီးသား ဖြစ်ပေမယ့် ဒါတွေဟာ တပ်သားရဲ့ လှုပ်ရှားမှုကို ပိုပြီးလေးလံ ခက်ခဲစေပါတယ်။ ဒီလို အလေးအပင်တွေ သယ်ထားရလို့ တကယ်တိုက်ရတဲ့အချိန်ဆိုရင် တပ်သားတွေ ခွန်အားလျော့နည်းနေစေပါတယ်။ ဒါတွေကို ONYX ဝတ်စုံက ဖြေရှင်းပေးမှာပါ။

ONYX ကို တီထွင်မယ့် ပရောဂျက်အတွက် ကန်ဒေါ်လာ ၆.၉ သန်း သုံးစွဲမှာ ဖြစ်ပြီး ၂ နှစ်တာ အချိန်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ တီထွင်ထားတဲ့ ဝတ်စုံတွေကို ကုမ္ပဏီကနေ စမ်းသပ်ဝတ်ဆင်စေမှုများ ပြုလုပ်နေပြီလို့လည်း Lockheed Martin ကုမ္ပဏီရဲ့ exoskeleton နည်းပညာ မန်နေဂျာ Keith Maxwell က ဆိုပါတယ်။ ဒီဝတ်စုံဟာ စစ်သားတွေကို အားအင်မကုန်ခမ်းစေဘဲ သွက်လက်စွာ တိုက်ခိုက်နိုင်အောင် ကူညီပေးလိမ့်မယ်လို့လည်း သူက ရှင်းပြထားပါတယ်။

ဝတ်စုံရဲ့ တန်ဖိုးကတော့ ဒေါ်လာ သောင်းကျော် ကုန်ကျမယ်လို့ အကြမ်းဖျင်း ခန့်မှန်းထားပါတယ်။ exoskeleton နည်းပညာကို စမ်းသပ်နေတာဟာ အမေရိကန် တစ်နိုင်ငံတည်းလည်း မဟုတ်ပါဘူး။ ရုရှားနဲ့ တရုတ်တို့လည်း အမေရိကန်နဲ့ အပြိုင် အလားတူနည်းပညာနဲ့ ဝတ်စုံတွေကို တီထွင်လျက်ရှိကြပြီး ရုရှားမှာဆို ပုံစံတစ်မျိုးထက် ပိုတဲ့ exoskeleton ဝတ်စုံတွေတောင် အသုံးပြုနေကြောင်း သိရပါတယ်။
Ref: Dailymail