ရုပ်ပျက်ဆင်းပျက်ချစ်သူကို ဂုဏ်ယူစွာလက်ထပ်ခဲ့လို့ ချီးကျူးခံခဲ့ရတဲ့ အမျိုးသား

Facebook/Daniel Panisson Fotografias

အမျိုးသားတစ်ယောက်ဟာ ချစ်သူအမျိုးသမီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့အခြေအနေမှာတောင် သတ္တိရှိရှိ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ချစ်သူ ကောင်မလေးရဲ့ အရေပြားပျက်စီးမှုဟာ ဘယ်လိုမှ ကုသလို့မရတော့တဲ့ အခြေအနေပါ။ သူမကို လူတွေက မြင်တာနဲ့ လှောင်ရယ်ကြမှာ ဆိုပေမယ့် အချစ်စစ်ဆိုတာ ချစ်သူက ဘာဖြစ်နေနေ ချစ်မယ်ဆိုတဲ့ အဖြေသာ ပေးပါလိမ့်မယ်။

ဒီအဖြစ်အပျက်ကတော့ ဘရာဇီးနိုင်ငံ၊ Ceará မှာ ဖြစ်ခဲ့တာပါ။ အမျိုးသားရဲ့နာမည်ကတော့ Edmilson Alcântara ဖြစ်ပါတယ်။ သူဟာ ချစ်သူ Karine de Souza ကိုရဲရဲဝင့်ဝင့် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကြည်နူးဖွယ်ဓာတ်ပုံတွေဟာ လူငယ်ထုကြားမှာ စံပြအဖြစ် ရေပန်းစားနေပါတယ်။

Facebook/Daniel Panisson Fotografias

ဒီဓာတ်ပုံတွေကို Daniel Panisson Fotografias လူမှုကွန်ရက် Page ကနေ ပြန်လည်မျှဝေထားတာဖြစ်ပြီး ရေးထားတဲ့ ပို့စ်မှာတော့ “ သင်တို့ ချစ်ဖူးကြပါသလား … သင်တို့ ချစ်ခြင်းကို စွန့်လွှတ်ဖူးကြပါသလား … ရုပ်အဆင်းအင်္ဂါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်ဖူးကြပါသလား .. နောက်ပြီး ခံစားချက်တွေကို မေ့ပစ်ဖူးကြပါသလား … ဒီလိုဆိုရင်”-

“ သင်တို့ကို Karine နဲ့ Edmilson တို့ရဲ့ ဘဝဇာတ်ကြောင်းလေးကို မျှဝေခံစားဖို့ ပြောချင်ပါတယ် … သူတို့ရဲ့ဇာတ်လမ်းလေးဟာ အလွန်လှပပြီး အပြည့်အဝ လွှမ်းမိုးမှုတွေ ပေးစွမ်းပါလိမ့်မယ် … ဒီပုံပြင်လေးကပဲ သင်တို့ကို ဘဝအဓိပ္ပါယ်က ဘာလဲဆိုတာ သိမြင်စေဖို့ လှုပ်နှိုးပါလိမ့်မယ် ”လို့ ရေးသားထားပါတယ်။

တစ်ချို့ကလည်း ကျန်းမာသန်စွမ်းတဲ့ Edmilson အနေနဲ့ ဘာလို့ Karine ကို ရွေးချယ်ခဲ့တာလဲဆိုပြီး နားမလည်ကြပါဘူး။ တကယ်တော့ အချစ်ဆိုတဲ့အရာကို ခရေစေ့တွင်းကျကျ နားလည်တယ်ဆိုရင် သူတို့မှာ တစ်ခြား မြင်သာတဲ့အကြောင်းပြချက် ပေးစရာမလိုဘဲ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတာဆိုပြီး မှတ်ယူနိုင်မှာပါ။

Você já sentiu o amor? Você já pensou em desistir de um grande amor? Já se preocupou com aparência e esqueceu de se…

Posted by Daniel Panisson Fotografias on Sunday, October 7, 2018

Edmilson အနေနဲ့ Karine ကို ကြောက်စရာ ရုပ်အဆင်းရှိနေတယ်ဆိုပေမယ့် သူမဟာ အံ့အားသင့်ဖွယ်ရာ သတ္တိကိုပိုင်ဆိုင်ထားတဲ့အတွက် ဒီအချက်တစ်ခုနဲ့တင် ချစ်ဖို့လုံလောက်တယ်လို့ ဆိုပါတယ်။ ဒီအချစ်ဇာတ်လမ်းလေးအကြောင်းဟာ လူမှုကွန်ရက်မှာတော့ ကောင်းချီးမင်္ဂလာ အပေးခံနေရပါတယ်။

မှတ်ချက်ရေးသူတွေကတော့ အချစ်စစ်ဆိုတာ ဘာလဲဆိုတာကို မြင်သာစေခဲ့တယ်ဆိုပြီး Edmilson ရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးနေကြပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲဓာတ်ပုံတွေကို ကြည့်ချင်းအားဖြင့် အချစ်ဆိုတာ အပေါ်ယံ အရေပြားတစ်ထောက်စာ အလှတစ်ခုကိုပဲ ဦးစားပေးတာမဟုတ်ဘဲ၊ အသည်းနှလုံးချင်း သိရှိနားလည်မှုက အဓိကလို့ ဆိုပါတယ်။

အခြားသတင်းမှာ ဖော်ပြထားချက်အရ Karine ဟာ ဒီလို ဆိုးရွားတဲ့အရေပြားအခြေအနေကို မတော်တဆမှုကြောင့် ရတာမဟုတ်ပါဘူးတဲ့။ သူမဟာ Xeroderma Pigmentosum ဆိုတဲ့ ရှားပါးလှတဲ့ အရေပြားပျက်စီးမှုရောဂါကို ခံစားနေရသူဖြစ်ကြောင်း သိရပါတယ်။ ကုသလို့မရတဲ့ ရောဂါလို့လည်း သိရပါတယ်။

လင်းဇော်ကို

SHARE