ဆာလွန်းလို့ အစားအစာခိုးယူတဲ့ အမျိုးသမီးကြီးကို မဖမ်းဘဲ၊ မုန့်ဝယ်ကျွေးခဲ့တဲ့ ရဲသုံးယောက်

paul bozymowski/Twitter

အမေရိကန်၊ နယူးယောက်အခြေစိုက် ရဲတပ်ဖွဲ့မှ ရဲအရာရှိ(၃)ဦးဟာ အစားအစာတွေ ခိုးယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခြင်းမပြုဘဲ၊ အိတ်စိုက်ပြီး စားစရာသောက်စရာ ဝယ်ပေးခဲ့ကြောင်း သိရပါတယ်။ သူတို့ရဲ့လုပ်ရပ်ကို လူမှုကွန်ရက်နဲ့ သတင်းတွေပေါ်မှာ လူအများက ချီးကျူးနေကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က New York City Police Department မှ ဗိုလ်ကြီး Louis Sojo အရာရှိ Esnaidy Cuevas နဲ့ Michael Rivera တို့ဟာ ရဲလုပ်ငန်းများ အတူတူ ဆောင်ရွက်ခဲ့ပါတယ်။ သူတို့ဟာ နေ့လည်စာဝယ်ယူရန်အတွက် Union Square  မှာတည်ရှိတဲ့ Whole Foods စတိုးဆိုင်ကို ဝင်ခဲ့ကြပါတယ်။

Whole Foods Market

အဲဒီအချိန်မှာပဲ အဆိုပါ စတိုးဆိုင်မှ လုံခြုံးရေးဝန်ထမ်းက အမျိုးသမီးတစ်ယောက်ကို ခိုးမှုနဲ့ အရေးယူပေးဖို့ လာရောက်ပြောဆိုခဲ့ပါတယ်။ အဆိုပါ တိုင်ခံရတဲ့အမျိုးသမီးဟာ အစာနွေးဘူး (၂)ခု ဒါမှမဟုတ် (၃)ခု ယူခဲ့ပုံရပြီး၊ ဈေးနှုန်းအားဖြင့် ဒေါ်လာ (၃၅)ဒေါ်လာ ကျသင့်မှာပါ။

 

သူမက “ ကျွန်မ ဆာလွန်းလို့ပါ … ”လို့ ပြောခဲ့ကြောင်း ရဲဗိုလ် Sojo က ပြောပါတယ်။ ဒါနဲ့ သူတို့ ရဲတပ်ဖွဲ့ဝင်တွေက သူမကို ဖမ်းဆီးခြင်းမပြုဘဲ၊ သူမ ယူထားတဲ့ အစားအစာတွေအတွက် သူတို့ကပဲ အကုန်အကျခံလိုက်မယ်လို့ ပြောခဲ့ကြောင်း ဆိုပါတယ်။ လုံခြုံရေးအရာရှိကလည်း ဒီစကားကြောင့် အလွန်အံ့သြသွားပါတယ်။

Sojo က “ အဲဒီအချိန်မှာတော့ အမျိုးသမီးဟာ ထင်လည်း ထင်မှတ်ထားသလို .. အတော်လေးလည်း ဝမ်းနည်းတဲ့ပုံဖြစ်သွားတယ် … သူ ကျွန်တော်တို့ကို ကျေးဇူးတင်ပါတယ်လို့ ပြောရှာပါတယ် .. နောက် သူမ တစ်ခြား ဘာစကားမှ မပြောနိုင်ရှာပါဘူး ”လို့ ပြောခဲ့ပါတယ်။

NYPD

ရဲတပ်ဖွဲ့ဝင်တွေရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ အများက ချီးကျူးစကားတွေ ပြောခဲ့ကြပါတယ်။ လူတစ်ယောက်ကတော့ နယူးယောက်ခ်ရဲတပ်ဖွဲ့ဟာ ကမ္ဘာပေါ်က အကောင်းဆုံးရဲတပ်ဖွဲ့ပါလို့ မှတ်ချက်ရေးခဲ့သလို၊ အခြားတစ်ဦးကတော့ “ စိတ်ကောင်းရှိသူတွေ ”လို့ ချီးကျူးရေးသားခဲ့ကြပါတယ်။

လင်းသုတ (Shwemom)

READ
ကံဆိုးမှုတွေကနေ လွန်မြောက်သွားခဲ့ပြီဖြစ်တဲ့ နားရွက်(၄) ဖက်နဲ့ ကြောင်ကလေး

Ref : Patch.com , NYDailyNews.com

SHARE