အခေါင်းထဲကနေ ပြန်ထထိုင်ခဲ့တဲ့ လူသေအလောင်းများ

လူ့လောကမှာ ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ ဒီအထဲမှာမှ သေရွာပြန်တို့ရဲ့ အဖြစ်အပျက်တွေ၊ လူဝင်စားတွေအကြောင်းလည်း ပါဝင်ပြီး၊ တစ်ချို့ဆို သေပြီလို့ ယူဆပြီးကာမှ အခေါင်းထဲကနေ ထထိုင်ခဲ့တဲ့ အဖြစ်တွေ၊ နောက်ထပ် အသက်(၂၀)-(၃၀) ဆက်ပြီး နေသွားတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲတွေပါဘဲ။ အခုဖော်ပြပေးမှာကတော့ သင်္ဂြိုဟ်ခါနီး လူသေအလောင်းတွေရဲ့ ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တွေပါ။ Shwemom ပရိသတ်ကြီး ရှုစားကြပါဦး။

(၁) Madame Bobin

(၁၉၀၁)ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့က ပြင်သစ်နိုင်ငံ၊ Pauillacin မြို့မှာ Madame Bobin လို့အမည်ရတဲ့ အမျိုးသမီးဟာ အသည်းရောင်အသားဝါရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ဒေါက်တာက အတည်ပြုခဲ့ပါတယ်။ သူမကို သင်္ဂြိုဟ်မယ့်အခမ်းအနားမှာ သူနာပြုဆရာမတစ်ဦးလည်း တက်ရောက်ခဲ့ပြီး၊ အခေါင်းထဲမှာ လှုပ်ရှားမှုပြုခဲ့တဲ့ Bobin ရဲ့ မသင်္ကာဖွယ်ရာအချို့ကို သံသယဖြစ်ခဲ့ပါတယ်။

အဆိုပါ သူနာပြုဆရာမက Bobin ဟာ သေဆုံးခြင်းမဟုတ်ဘဲ မေ့မျောနေတာသာ ဖြစ်နိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။ Bobin ရဲ့ ဖခင်က အခေါင်းကို ဖွင့်ကြည့်ဖို့ ပြန်လည်စေခိုင်းတဲ့အခါ သမီးဖြစ်သူဟာ အခေါင်းထဲမှာ ကလေးတစ်ယောက် မွေးထားတယ်လို့တောင် ဆိုပါတယ်။ ဒါပေမယ့် Bobin ဟာ အခေါင်းထဲမှာ အသက်ရှုကြပ် သေဆုံးခဲ့ရပြီး၊ မိသားစုဝင်တွေကို သက်ဆိုင်ရာက တရားစွဲဆိုခဲ့ပါတယ်။ မိသားစုဟာ ပြင်သစ်ငွေ (၈၀၀၀) ဒဏ်ကြေးပေးဆောင်ခဲ့ရပါတယ်။

(၂) Octavia Hatcher

(၁၈၉၁)ခုနှစ် ဇန်နဝါရီလမှာ  Octavia Hatcher အမည်ရ အမျိုးသမီးဟာ တစ်ဦးတည်းသော သားလေး သေဆုံးသွားတဲ့အတွက် စိတ်အကြီးအကျယ်ထိခိုက်ပြီး၊ အပြင်းအထန် ဖျားနာကာ အိမ်ယာထက်မှာ လဲခဲ့ပါတယ်။ ယင်းနောက် လတော်တော်ကြာကြာ အစာမစား၊ အိပ်ရေးပျက်တဲ့ဒဏ်ကြောင့် သတိအကြီးအကျယ် လစ်သွားခဲ့ပြီး၊ မေလ(၂)ရက်နေ့မှာ ဆရာဝန်က သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။

ချက်ချင်းသင်္ဂြိုဟ်ဖို့ စီစဉ်ခဲ့ကြပြီး ရှေ့မီနောက်မီ လူကြီးတွေက သေတာမဟုတ်နိုင်ကြောင်း၊ မေ့မျောသွားတာဖြစ်နိုင်ကြောင်း အကြံပေးခဲ့ပါတယ်။ Hatcher ဟာ မြေချတဲ့အချိန်မှာတောင် အသားရည်စိုစိုဖက်ဖက်နဲ့ သံသယရှိဖွယ်ပါဘဲ။ သင်္ဂြိုဟ်ပြီးပါမှ ခင်ပွန်းသည်နဲ့ ဆွေမျိုးသားချင်းတွေက ပြန်ဖော်ဖို့ စိတ်ကူုးပေါက်ပြီး အလောင်းကို ပြန်ဖော်ကြည့်ခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ကျသွားပါပြီ။ Hatcher ဟာ မြေအောက်မှာ အခေါင်းအပြင်ထွက်ဖို့ ကြိုးစားထားပြီး၊ အခေါင်းအဖုံးကို လက်နဲ့ထု၊ လက်သီးနဲ့ထိုးထားလို့ သွေးစသွေးနတွေ တွေ့ခဲ့ရပါတယ်။ ဒီအချိန်မှာတော့ တကယ်သေပြီးပါပြီ။ ဒေသခံတွေအဆိုအရ သူမဟာ အဆိပ်ပြင်းခြင်တစ်မျိုး အကိုက်ခံရပြီး၊ သတိလစ်မေ့မျောခဲ့ပုံရတယ်လို့ ဆိုပါတယ်။

(၃) Eleanor Markham

(၁၈၉၄) ခုနှစ်၊ အမေရိကန် နယူးယောက်ဆင်ခြေဖုံး၊ Sprakers ရွာကလေးမှာ Eleanor Markham အမည်ရ အမျိုးသမီးဟာ သူမကို သေဆုံးတယ်လို့ မသတ်မှတ်မီ နှစ်ပတ်အလိုက နှလုံးရောဂါဖောက်လို့ ဒေါက်တာထံကို ပြသခဲ့သေးတယ်လို့ ဆိုပါတယ်။ ဇူလိုင်(၈)ရက်မှာ Markham ဟာ ရုတ်တရက်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒေါက်တာကိုယ်တိုင် စစ်ဆေးပြီး သေပြီလို့အတည်ပြုခဲ့ပါတယ်။

READ
ဝိုင်အကြောင်း သင်မသိသေးတဲ့ အချက်(7)ချက်

Markham ကို အခေါင်းထဲထည့်ပြီး၊ သင်္ဂြိုဟ်ဖို့ပြင်ဆင်ကြပါတယ်။ သုဿန်ကိုသွားတဲ့လမ်းမှာ အခေါင်းထဲကနေ ဆူညံသံတွေကြားလို့ မိသားစုဝင်တွေက အခေါင်းကို ပြန်ဖွင့်ခိုင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ Markham ကို သေပြီလို့ပြောတဲ့ ဒေါက်တာကိုယ်တိုင် ဈာပနကိုတက်ရောက်ခဲ့တာပါ။ Markham ဟာ အခေါင်းဖွင့်လိုက်တာနဲ့ ” တော်သေးတယ် ကျွန်မကို အရှင်လတ်လတ် မြေမြှုပ်ကြတော့မလို့ “ဆိုပြီး ပြောခဲ့ပါတယ်။ ဒေါက်တာက ပြန်လည်စစ်ဆေးပြီးမှ မသေဘူးဆိုပြီး ထပ်မံအတည်ပြုခဲ့ပါတယ်။

(၄) Margaret “Maggie” Dickson

(၁၇၂၁)ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့မှာ Maggie အမည်ရ အမျိုးသမီးဟာ ကြိုးပေးအကွပ်မျက်ခံခဲ့ရပါတယ်။ သူမဟာ ယောက်ျားနဲ့ ကွဲကွာနေတာ ကြာပါပြီ။ ဒါပေမယ့် အခြားယောက်ကျားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီး ကိုယ်ဝန်ရှိခဲ့ပါတယ်။ လူတွေကလည်း ကဲ့ရယ်မှာစိုးသလို၊ အလုပ်လည်း ပြုတ်မှာကြောက်လို့ ကိုယ်ဝန်ခပ်ရင့်ရင့်မှာ ကလေးကိုဖျက်ချပြီး မြစ်ထဲကို မျှောခဲ့ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ကလေးအလောင်းကို တွေ့ပြီး လိုက်လံစုံစမ်းတဲ့အခါ တရားခံ Maggie ကို ဖမ်းနိုင်ခဲ့ပါတယ်။

ထိုခေတ်က လူသတ်မှုကျူးလွန်ရင် အသေစားသေဒဏ်ပေးခံရတဲ့အချိန်ပါ။ ဒါကြောင့် Maggie ကို သက်ဆိုင်ရာက ကြိုးဒဏ်စီရင်ခဲ့ပါတယ်။ သူမရဲ့အလောင်းကို အခေါင်းထဲမှာထည့်ပြီး (၁၀)ကီလိုမီတာအဝေးက သင်္ချိုင်းကို သယ်ဆောင်သွားခဲ့ပါတယ်။ ဒါပေမယ့် Maggie ရဲ့ အခေါင်းထဲကနေ အော်သံကိုကြားလို့ ဖွင့်ကြည့်ခဲ့ကြပါတယ်။ သူမကို ဘုရားသခင်က မသေစေချင်လို့ လူ့ပြည်ပြန်ပို့တာလို့ သက်ဆိုင်ရာက ယူဆပြီး အမှုမှကွင်းလုံးချွတ်လွှတ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ Maggie ဟာ ခင်ပွန်းဟောင်းနဲ့ ပြန်လည်ပေါင်းသင်းခဲ့ပြီး ကလေးတွေ ထပ်ရခဲ့ပါသေးတယ်။

(၅) အမည်မသိ ကလေးမလေး

အမည်မသိဆိုတာထက် အမည်ဖော်ပြခဲ့ခြင်းမရှိတဲ့ အဖြစ်အပျက်ပါ။ အဆိုပါကလေးမလေးဟာ (၁၈၅၀) ခုနှစ်မှာ Diphtheria (ဆုံစို့နာ/ကြက်ညှာချောင်းဆိုးရောဂါ)ကြောင့် သေဆုံးခဲ့တယ်လို့ ဒေါက်တာနဲ့ မိသားစုဝင်တွေက ယူဆခဲ့ပါတယ်။ ရောဂါက ပြင်ပကိုပျံ့နှံ့နိုင်လို့ ကလေးမလေးကို ချက်ချင်းသင်္ဂြိုဟ်ခဲ့ရပါတယ်။ မိသားစုထုံးစံအတိုင်း အခြားဆွေမျိုးတွေကို သင်္ဂြိုဟ်ထားတဲ့ အလုံပိတ်ဂူကြီးထဲမှာ ထည့်သွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။

ဒါပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အခါ အဆိုပါမိသားစုမှာ သားတစ်ဦး ထပ်မံသေဆုံးခဲ့ပြန်ပါတယ်။ ဒီအခါမှာ သူ့ကို သင်္ဂြိုဟ်ဖို့ ဂူကိုပြန်ဖွင့်တဲ့အခါ အရင်က သေပြီဆိုပြီး ဂူထဲထည့်ခဲ့တဲ့ ကလေးမလေးရဲ့အရိုးစုဟာ ဂူတံခါးအနီးကိုရောက်နေပါတယ်။ သူမဟာ အရှင်လတ်လတ် သင်္ဂြိုဟ်ခံခဲ့ရတာပါ။ ကလေးမလေးဟာ နောက်ဆုံး ဂူတံခါးကို ဖွင့်ဖို့အကြိမ်ကြိမ် ကြိုးစားခဲ့ပုံရပေမယ့် မိသားစုက မရိပ်မိခဲ့ကြပါဘူး။

(၆) Mrs. Blunden

(၁၆၇၄)ခုနှစ် ဇူလိုင်(၁၅)ရက်မှာ Mrs. Blunden  အမည်ရ အမျိုးသမီးဟာ အပြင်းအထန်ဖျားနာပြီး သတိလစ်မေ့မြောသွားတာကို သေပြီဆိုပြီး အခေါင်းထဲကို ထည့်ခဲ့ကြပါတယ်။ ခင်ပွန်းသည်ကတော့ သေတာမဖြစ်နိုင်ဘူးလို့ ထင်မြင်ခဲ့ပေမယ့် ဒေသခံတွေက အလောင်းကို ကြာကြာမထားကောင်းဘူးလို့ဆိုပြီး ခင်ပွန်းသည်ရဲ့ဆန္ဒကို ပယ်ချကာ သင်္ဂြိုဟ်ခဲ့ပါတယ်။

READ
Selfie သမိုင်းကြောင်း (သို့) Selfie ရိုက်ခြင်းပေါ်ပေါက်လာပုံအဆင့်ဆင့်

သင်္ဂြိုဟ်ပြီးနောက်တစ်ရက်မှာ သင်္ချိုင်းကို လာဆော့တဲ့ကလေးတွေက Mrs. Blunden  ရဲ့ အုတ်ဂူဆီမှ အသံတစ်ချို့ ကြားရကြောင်း ခင်ပွန်းသည်ထံ သတင်ပေးခဲ့ပါတယ်။ ယင်းနောက် အုတ်ဂူကို ပြန်ဖော်ခဲ့ကြပါတယ်။ Mrs. Blunden  ဟာ အသက်ရှင်လျက် ရှိနေသေးပြီး၊ အခေါင်းကိုဖွင့်ဖို့ ကြိုးစားရင်း လက်နဲ့ ဦးခေါင်းတို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့် မကြာမီမှာပဲ အဲဒီဒဏ်ရာတွေနဲ့ အသက်ရှုကြပ်တဲ့ ဝေဒနာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မူလနေရာမှာပင် ပြန်ပြီး သင်္ဂြိုဟ်ခံရပါတယ်။

(၇) Matthew Wall

အင်္ဂလန်နိုင်ငံ၊ Braughing, Hertfordshire မှာ (၁၅၇၁) အောက်တိုဘာ (၂)ရက်နေ့က လက်ထပ်ပွဲဆင်နွှဲအံ့ဆဲဆဲဖြစ်တဲ့ Matthew Wall အမည်ရ အမျိုးသားဟာ ကောက်ခါငင်ကာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူ့ကို သင်္ဂြိုဟ်ဖို့ မိသားစုဝင်တွေက စီစဉ်ခဲ့ပါတယ်။ သူ့ရဲ့အခေါင်းထဲကို ပန်းတွေနဲ့ အလှဆင်နေချိန်မှာ Wall ဟာ ရုတ်တရက် အခေါင်းထဲကနေ ထထိုင်ခဲ့ပါတယ်။

ယင်းနောက် မိသားစုဝင်တွေက ဆေးတွေဘာတွေ ကုပေးခဲ့ပြီး၊ မကြာမီမှာ သူရဲ့ မင်္ဂလာအခမ်းအနားကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။ Wall ဟာ သူ့ရဲ့ဇနီးနဲ့အတူ ကလေးတွေ မွေးဖွားခဲ့သေးပြီး၊ နောက်ထပ် (၂၄)အထိ လူ့လောကမှာ ဆက်လက်ရှင်သန်ခဲ့တယ်လို့ သိရပါတယ်။

(၈) Essie Dunbar

(၁၉၁၅)ခုနှစ်မှာ Essie Dunbar  အမည်ရ အသက်(၃၂)အရွယ် အမျိုးသမီးဟာ ဝက်ရူးပြန်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ဒေါက်တာက အတည်ပြုခဲ့ပါတယ်။ အဝေးကိုရောက်နေတဲ့ Essie ရဲ့ ညီမ ပြန်လာတာကို စောင့်ဆိုင်းနေရင်း သူမရဲ့ ဈာပနအခမ်းအနားဟာ သာမန်ထက် ကြာနေခဲ့ပါတယ်။ ဒါပေမယ့် ညီမဖြစ်သူဟာ သင်္ဂြိုဟ်မယ့်နေ့အထိ ရောက်မလာခဲ့ပါဘူး။ မြေချခြင်းလုပ်ငန်း စတင်နေစဉ် မိနစ်ပိုင်းအကြာမှ ညီမဖြစ်သူ အူယားဖားယားနဲ့ ရောက်လာခဲ့တာပါ။

အခေါင်းကို ဖွင့်ပြတော့ Essie က ပြုံးပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို သုဿန်လုပ်သားတွေနဲ့ ဆွေမျိုးသားချင်းတွေ ကောင်းကောင်း မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ချက်ချင်းမြေဖို့ဖို့ ပြုလုပ်စဉ် အခေါင်းထဲကနေ လက်တစ်ဖက် ထွက်လာခဲ့ပါတယ်။ ယင်းနောက် အခေါင်းအဖုံး ပွင့်သွားတော့ လူတွေလည်း သရဲခြောက်ပြီအထင်နဲ့ ခြေဦးတည့်ရာကို ထွက်ပြေးကြပါတယ်။ Essie ဟာ ခြောက်ပေအနက်ရှိတဲ့ မြေကျင်းထဲကနေ ကုန်းရုန်းထပြီး အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။

သူမကို ဖုတ်ဝင်တယ်လို့ လူတွေက ယူဆခဲ့ပါတယ်။ ဒါပေမယ့် Essie ဟာ သက်ရှည်ကျန်းမာစွာ ဆက်လက်နေထိုင်ခဲ့ပြီး၊ (၁၉၅၅)ခုနှစ်အထိ အနှစ်(၄၀) ဆက်လက်နေထိုင်အသက်ရှင်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : listverse.com

SHARE