ကိုယ်ဝန်ဆောင်ချိန်မှာသုံးတဲ့ပစ္စည်းတွေက ကလေးပေါ်သက်ရောက်မှုရှိနိုင်တယ်လို့ဆို

Africa Studio/Shutterstock

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အသုံးပြုတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ မွေးဖွားလာမယ့်ကလေးတွေကို စောစီးစွာ အပျို လူပျိုဖော် ၀င်စေနိုင်တယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြောင်း AsiaOne သတင်းဌာန က ဖော်ပြပါတယ်။

UC Berkeley တက္ကသိုလ်မှသုတေသီတွေက  မိခင်တွေဟာ သူတို့ကိုယ်ဝန်ဆောင်စဉ်အတွင်း တစ်ကိုယ်ရည်သုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး နဲ့ ဆပ်ပြာတွေ အသုံးပြုခြင်းကြောင့် မွေးဖွားလာတဲ့ သမီးမိန်းကလေးတွေမှာ  စောစီးစွာ အပျိုဖော်ဝင်နိုင်တယ်လို့ဆိုပါတယ်။

အဲဒီက ဓာတုဓာတ်တွေက အရေပြားကနေတစ်ဆင့် ကိုယ်ထဲကိုစိမ့်ဝင်သွားတာဖြစ်ပါတယ်။

10 FACE/Shutterstock

Berkeleyတက္ကသိုလ်မှပရော်ဖက်ဆာ Kim Harleyက ဒီဓာတုပစ္စည်းတွေဟာ လူတွေရဲ့ကျန်းမာရေးကို ဘယ်လိုထိခိုက်စေတယ်ဆိုတာသိရှိဖို့လိုပါတယ်။ ဓာတုပစ္စည်းတွေက ဟော်မုန်းအသွင်ဖြစ်စေပြီး ကလေးတွေမှာ သဘာဝဖြစ်စဉ်ထက်စောကာ အရွယ်ရောက်စေတာဖြစ်တယ်လို့ ပြောပါတယ်။

Phthalatesဆိုတဲ့ ဓာတုပစ္စည်းကို ရေမွှေး၊ဆပ်ပြာနဲ့ခေါင်းလျှော်ရည်တို့လို အနံ့ပါတဲ့ထုတ်ကုန်တွေမှာ တွေ့ရပါတယ်။ Parabens ဓာတုပစ္စည်းကိုတော့ ကြာရှည်ခံဆေးအနေနဲ့ အလှကုန်ပစ္စည်းတွေမှာ အသုံးပြုတာပါ။ Phthalates, parabensနဲ့ triclosanဓာတုပစ္စည်းတွေကို တစ်ကိုယ်ရည်သုံးကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုခြင်းအပေါ် တားမြစ်ထားခြင်းမရှိပါဘူး။ အကြောင်းကတော့ သူတို့ဟာ လူသားတွေရဲ့ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်နိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထား အခုထိမရှိသေးတာကြောင့်ပဲဖြစ်ပါတယ်။

New Africa/Shutterstock

ဒါကြောင့် မိခင်တွေအနေနဲ့ ကလေးတွေအပေါ် သက်ရောက်မှုရှိနိုင်တဲ့အတွက်တော့ သတိထားဖို့လိုပါတယ်။

နှစ်(၂၀)ကျော်ကြာလေ့လာချက်တွေ့ရှိချက်အရ မိန်းကလေး၊ယောင်္ကျားလေးတွေဟာ လူပျိုအပျိုဖော်ဝင်မှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုစောလာတယ်လို့  ပြသနေပါတယ်။ မိန်းကလေးတွေဟာ ပုံမှန်အသက်(၁၁)နှစ်မှ ဖြစ်တဲ့အပျိုဖော်ဝင်မှုဟာ အခုနောက်ပိုင်း (၈)နှစ်မတိုင်ခင်ဖြစ်လာကြပါတယ်။ ကလေးတွေ စောစီးစွာအရွယ်ရောက်ခြင်းကြောင့် စိတ်ပိုင်းစိတ်ဆိုင်ထိခိုက်မှုတွေ၊ မိန်းကလေးတွေမှာဆို ရင်သားနဲ့သားအိမ်ကင်ဆာရောဂါတွေဖြစ်နိုင်သလို၊  ယောင်္ကျားလေးတွေမှာ အူကင်ဆာ(testicular cancer)တွေနဲ့ပတ်သက်ပြီးဖြစ်နိုင်လို့သိရပါတယ်။

Khaing

SHARE