သိပ္ပံနည်းကျတွေ့ရှိထားတဲ့ ကြောင်မွေးမြူခြင်းရဲ့ ကောင်းကျိုးတရားများ

လေ့လာချက်တစ်ခုအရ ကြောင်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားတဲ့အိမ်ရှင်တွေမှာ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်တယ်လို့ သိရပါတယ်။ ဥပမာအနေနဲ့ အွန်လိုင်းပေါ်မှာ ကြောင်လေးတွေရဲ့ ဗီဒီယိုဖိုင်တွေကို ကြည့်ရတဲ့အခါ စိတ်ကြည်နူးသွားတာကို သတိထားမိမှာပါ။  ကြောင်မွေးတဲ့အတွက် ရရှိလာတဲ့ အခြားအကျိုးကျေးဇူးတွေကလည်း အမြောက်အမြားရှိနေသေးတာကို mentalfloss သတင်းဌာမှာ ဖော်ပြထားတာ တွေ့လိုက်ရပါတယ်။

shutterstock

ကြောင်တွေဟာ သခင်တွေခံစားနေရတဲ့ နာကျင်မှုတွေကို သက်သာလျော့ပါးသွားအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီဆိုရင် ဒီနာကျင်မှုကို ကုစားဖို့ ကြောင်တစ်ကောင်သာ မွေးလိုက်ပါ။ သူတို့လေးတွေဟာ လူတွေ နာကျင်နေရတဲ့အချိန်၊ စိတ်ပင်ပန်းနေရတဲ့အချိန်တွေမှာ ကူညီပေးနိုင်ပါတယ်။ ကိုယ့်ရင်တွင်းက ခံစားချက်တွေကို ကြောင်လေးတွေဆီ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြနိုင်ပါတယ်။ နို့မို့ဆိုရင် သူများဆီ ပြောပြတဲ့အခါ ကိုယ့်များငြိုငြင်သွားမလား၊ အထင်သေးသွားမလား စိုးရိမ်နေရဦးမှာပါ။

shutterstock

တကယ်လို့ သင်ဟာ အထီးကျန်သူတစ်ဦးဖြစ်တယ်ဆိုရင်၊ ဒီတစ်သက် အိမ်ထောင်ပြုဖို့လည်း လမ်းမမြင်တော့ဘူးဆိုရင်တော့ ကြောင်တစ်ကောင်သာ မွေးထားလိုက်ပါ။ သိပ္ပံနည်းကျလေ့လာချက်တွေအရတော့ (၈၂) ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ အိမ်မွေးတိရစ္ဆာန်မွေးထားတဲ့ အမျိုးသားတွေဆိုရင် ပိုပြီး အထင်ကြီးလေးစားလေ့ရှိကြောင်း သိရပါတယ်။ (၉၀) ရာခိုင်နှုန်းသော အမျိုးသမီးတွေကတော့ ကြောင်မွေးထားတဲ့ အမျိုးသားတွေဟာ ကြောင်မမွေးတတ်တဲ့အမျိုးသားတွေထက် ပိုပြီးကြင်နာတတ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

READ
ကမ္ဘာတစ်လွှားက ထူးထူးခြားခြား ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်များ
shutterstock

ကြောင်ပိုင်ရှင်တွေဟာ ခွေးပိုင်ရှင်တွေထက် ပိုပြီးဥာဏ်ရည်မြင့်မားကြောင်း ဘရစ္စတိုးတက္ကသိုလ်ရဲ့ လေ့လာချက်ထဲမှာ တွေ့ရပါတယ်။ ကြောင်မွေးထားတဲ့ တက္ကသိုလ်ကျောင်းသားတွေကို လေ့လာကြည့်တဲ့အခါမှာလည်း သူတို့ဟာ ခွေးမွေးထားတဲ့ တက္ကသိုလ်ကျောင်းသားတွေထက် ဥာဏ်ရည်ပိုမြင့်မားနေတာကို တွေ့ရှိခဲ့ပါတယ်။ ဖြစ်နိုင်တာက ကြောင်တွေဟာ ခွေးတွေထက်စာရင် သိပ်ဂရုစိုက်ပေးစရာမလိုပါဘူး။ ဒါ့အပြင် ဥာဏ်ရည်ထက်မြက်တဲ့သူတွေဟာ အချိန်နာရီပေါင်းများစွာကြာအောင် အလုပ်လုပ်နိုင်ဖို့အတွက် သူတို့အတွက် ကရိကထသိပ်မများတဲ့ကြောင်တွေကိုပဲ မွေးမြူတာဖြစ်ကြောင်းလည်း သိရပါတယ်။

shutterstock

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူခြင်းဟာ လူရဲ့ စိတ်နှလုံးကို သိမ်မွေ့စေပါတယ်။ ကြောင်လေးတစ်ကောင်ကို ပွတ်သပ်ကျီစယ်ပေးခြင်းက စိတ်ကို ငြိမ်းချမ်းမှုပေးစွမ်းနိုင်ပါတယ်။ လေ့လာချက်တစ်ခုမှာ တွေ့ရှိချက်အရတော့ ကြောင်တစ်ကောင်ကို (၁၀) နှစ်တာမွေးလာပြီးတဲ့ ကြောင်ပိုင်ရှင်တစ်ယောက်မှာ နှလုံးရှော့ခ်ရပြီး သေဆုံးနိုင်ခြေနဲ့ လေဖြတ်သေဆုံးနိုင်ခြေတွေ (၃၀) ရာခိုင်နှုန်းလျော့နည်းသွားကြောင်း သိရှိရပါတယ်။ အထီးကျန်နေတဲ့သူတွေအနေနဲ့ ကြောင်လေးတွေကို အဖော်ပြုနိုင်ပါတယ်။ သူတို့တွေရဲ့ တစ်ခါတစ်လေ ကလေးအော်သံလို အော်တဲ့အသံတွေ၊ သခင်ကို ကပ်ချွဲပြီး အစာတောင်းတဲ့အသံလေးတွေက သခင်တွေကို ကြည်နူးပီတိဖြစ်စေပါသေးတယ်။ ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ ကြောင်တွေကို အိပ်ရာထဲခေါ်သိပ်တဲ့အခါ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြောင်းလည်း သိရပါတယ်။ အခုဖော်ပြပေးသွားတာတွေကတော့ ကြောင်မွေးမြူတဲ့အခါ ရရှိလာမယ့် ကောင်းကျိုးလေးတွေပဲ ဖြစ်ပါတော့တယ်။

လင်းလင်း (ShweMom)

SHARE