အိမ်မွေးတိရစ္ဆာန်ခြင်္သေ့ကြီးအပေါ် အကြင်နာကင်းမဲ့တဲ့ အမျိုးသားတစ်ဦးရဲ့လုပ်ရပ်

instagram/blend_brifkani

တိရစ္ဆာန်တွေဟာ လူတွေရဲ့ လေးစားစွာ ဆက်ဆံမှူကို ခံယူထိုက်တဲ့ သတ္တ၀ါတွေပါ။ ဘာကြောင့်လည်းဆိုတော့ လူတွေဟာ ကိုယ်နေထိုင်ဖို့ အိမ်တွေဆောက်လုပ်ဖို့အတွက် သတ္တ၀ါတွေရဲ့ စားကျက်မြေကို ခွဲဝေယူနေရတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့လူသားအများစုဟာ တိရစ္ဆာန်တွေအပေါ်မှာ ညှာတာလိုစိတ်မရှိကြပါဘူး။ တိရစ္ဆာန်တွေကို ၄င်းတို့ပိုင်တဲ့ နေရာကနေ မောင်းထုတ်ရုံတင်မကပဲ ဖမ်းဆီးကာ ဆပ်ကပ်၊ တိရစ္ဆာန်ရုံတွေမှာ အခကြေးငွေယူပြီး ရုံသွင်းပြစားကြပါတယ်။

instagram/blend_brifkani

တစ်ချို့ချမ်းသာတဲ့ သူဌေးတွေကျတော့လည်း ရှားပါးတဲ့ ခြင်္သေ့တွေ၊ကျား၊ ကျားသစ်တွေကို အိမ်မှာ မွေးထားကြပါတယ်။ Worldofbuzz ကနေတဆင့် အခုဖော်ပြပေးမယ့် သတင်းလေးကတော့ ချမ်းသာတဲ့ သူဌေးအိမ်တစ်အိမ်က ၄င်းရဲ့ ရှားပါးခြင်္သေ့တစ်ကောင်ကို သူ့မွေးနေ့ပွဲ ကျင်းပပေးတဲ့ သတင်းဖြစ်ပါတယ်။ ဗီဒီယိုဖိုင်နဲ့ အတူ တက်လာတဲ့ ဒီသတင်းမှာတော့ သူဌေးမိသားစုဟာ အိမ်မှာမွေးထားတဲ့ ခြင်္သေ့ပျိုတစ်ကောင်ကို ကိတ်မုန့်ဝယ်ပေးပြီး ပျော်ရွှင်စွာ မွေးနေ့ပွဲ ကျင်းပနေခဲ့တာကို တွေ့ရပါတယ်။

instagram/blend_brifkani

ဒီအချိန်ထိတော့ အရာအားလုံးဟာ အဆင်ပြေနေပါသေးတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အိမ်ရှင်က ဘာစိတ်ကူးပေါက်သွားတယ် မသိပါဘူး။ သူဟာ ခြင်္သေ့ပျိုလေးရဲ့ မျက်နှာကို ကိတ်မုန့်နဲ့ ရိုက်လိုက်ရင် ပိုပြီး ရယ်စရာကောင်းသွားလိမ့်မယ်လို့ ယူဆခဲ့ပုံရပါတယ်။ ဒါကြောင့် သူဟာ ကိတ်မုန့်ကို ခြင်္သေ့ရဲ့မျက်နှာနားအပ်ကာ ရိုက်ချလိုက်ပါတယ်။ မွေးနေ့ပွဲမှာရှိတဲ့သူအားလုံးကတော့ ခြင်္သေ့ရဲ့အဖြစ်ကို ကြည့်ပြီး ရယ်မောနေကြပါတယ်။ သနားစရာကောင်းလှတဲ့ ခြင်္သေ့ခမျာမှာတော့ မျက်နှာပေါ်မှာ ပေနေတဲ့ကိတ်မုန့်တွေကို လက်နဲ့ ပွတ်သပ်ရင်း အခန်းထဲမှာ ပတ်ပြေးနေခဲ့ပါတယ်။

instagram/blend_brifkani

အွန်လိုင်းပေါ်ကို ဒီဗီဒီယိုတက်လာတဲ့အချိန်မှာတော့ အိမ်ရှင်ရဲ့ ဆိုးရွားလှတဲ့ အပြုအမူအပေါ် လူတွေက ၀ိုင်းဝေဖန်နေကြပါတယ်။ A Fortress of Fur အမည်ရတဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာဆိုရင် ဒီလူတွေဟာ ရှားပါးပြီး လှပတဲ့ တောထဲက ခြင်္သေ့တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ လှောင်ထားရုံတင်မကဘူး။ ဒီလိုလုပ်ရပ်ကိုတောင် လုပ်သေးတယ်။ တော်တော်ရယ်စရာကောင်းနေလို့လား။ စိတ်ပျက်စရာကောင်းလိုက်တာနော်။ ကျေးဇူးပြုပြီး တိရစ္ဆာန်တွေအပေါ်မှာ လေးစားတတ်အောင် ကလေးတွေကို သင်ပေးကြပါ….” လို့လည်း တိုက်တွန်းထားပါသေးတယ်။

လင်းလင်း (ShweMom)

SHARE