ကြည့်ရင်းကြည့်ရင်းနဲ့ တစိမ့်စိမ့်တွေးပြီး ကြောက်လာစေမယ့် Pet Sematary ရုပ်ရှင်

ပြီးခဲ့တဲ့ မတ်လ(၁၆)ရက်နေ့က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က အော်စတင်မြို့မှာ South By Southwest (SXSW)ဆိုတဲ့ ရုပ်ရှင်ပွဲတော်တစ်ခု ကျင်းပခဲ့ပါတယ်။ ဒီရုပ်ရှင်ပွဲတော်ကို ရောက်လာခဲ့တဲ့ ပရိသတ်တွေကြားမှာ ပြောမဆုံးအောင် ဖြစ်စေခဲ့တဲ့ အကြောင်းအရာတစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ရုပ်ရှင်ပွဲတော်မှာ မကြာခင်ထွက်ရှိတော့မယ့် Pet Sematary ရုပ်ရှင်ကား အစအဆုံးကို ကြိုတင်မကြေညာ ထားတဲ့ အထူးအစီအစဉ် တစ်ခုအနေနဲ့ ပရိသတ်တွေ ကြည့်ခွင့်ရခဲ့တာပါ။

Paramount Pictures

၁၉၈၆ ခုနှစ်တုန်းက စာအုပ်အဖြစ် ထွက်ရှိခဲ့တဲ့ Pet Sematary ဟာ ကမ္ဘာကျော်စာရေးဆရာကြီး Stephen King ရဲ့ အအောင်မြင်ဆုံး ဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ Stephen King ရဲ့ ၀တ္တုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ကားအတော်များများကိုတော့ ထိတ်လန့်သည်းဖို ရုပ်ရှင်ကိုမှ နှစ်သက်တဲ့ ပရိသတ်တွေ အထူးအကြိုက်တွေ့ခဲ့ကြပါတယ်။

I.T တို့ Green Miles တို့ The Mist တို့လိုမျိုး Stephen King ရဲ့ ဝတ္ထုတွေ တော်တော်များများဟာ ရုပ်ရှင်တွေအဖြစ် အနုပညာအရရော ၀င်ငွေအရပါ အောင်မြင်ခဲ့ပါတယ်။။ အခုအခါမှာလည်း Pet Sematary ဇာတ်ကားကို ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ရုံတင်တော့မှာပါ။

တကယ်တော့ Pet Sematary ကို အရင်တုန်းကလည်း ရုပ်ရှင်အနေနဲ့ရိုက်ကူးဖူးပါသေးတယ်။ တိတိကျကျပြောရရင်တော့ ၁၉၈၉ ခုနှစ်တုန်းကပေါ့။ အဲဒီတုန်းကလည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို တော်တော်လေးခံခဲ့ရပါသေးတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ အသစ်ပြန်လည်ရိုက်ကူးထားတဲ့ Pet Sematary ရုပ်ရှင်ရဲ့ အမြည်း trailer တရားဝင်ထွက်ရှိခဲ့ပါတယ်။

READ
Asia’s Next Top Model Cycle 6 မှာ ယှဉ်ပြိုင်နေတဲ့ Beauty (ခ) သက်သက်သင်း

Trailer ထဲမှာ သစ်တောကြီးနဲ့ ကပ်လျက်ရှိနေတဲ့ အိမ်တစ်အိမ်ကို လူမမယ် သားသမီးနှစ်ယောက်ပါတဲ့ မိသားစုတစ်စုပြောင်းရွှေ့ရာမှ စတင်ထားပါတယ်။ Horror ဇာတ်လမ်းတွေတော်တော်များများက လူခြေတိတ်ပြီး တခြားအိမ်တွေနဲ့ဝေးတဲ့ အိမ်ကြီးတွေမှာ တော်တော်များများ အစတည်ထားကြပေမယ့် Pet Sematary ကိုတော့ သာမန်သရဲကားဘောင်အတွင်း မသွင်းစေလိုပါဘူး။

Paramount Pictures

Louis Creed ဆိုတဲ့ ချီကာဂိုမှ ဆရာဝန်တစ်ဦးဟာ တက္ကသိုလ်တစ်ခုရဲ့ကျန်းမာရေးဆွေးနွေးဖို့ အစည်းအဝေးတစ်ခုရှိတာကြောင့် Ludlow လို့ခေါ်တဲ့ မြို့လေးကို တစ်ခါမှမရောက်ဖူးဘဲ ဇနီးသည် Rachel, သမီးကြီး Ellie နဲ့ သားလေး Gage တို့နဲ့အတူ အိမ်ရဲ့အချစ်တော်ကြောင်လေးဖြစ်တဲ့ Church တို့ကိုပါခေါ်ပြီး ထွက်လာခဲ့ပါတယ်။ အိမ်ဟာ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ တည်ရှိနေပြီး အနောက်မှာတော့ လူသူကင်းမဲ့ပြီး အုံ့အုံ့စိုင်းစိုင်းသစ်တောကြီးဟာ ထီးထီးကြီးရှိလို့နေပါတယ်။

Paramount Pictures

Louis တို့ မိသားစု စစပြောင်းလာတုန်းမှာပဲ ကလေးနှစ်ယောက်ဟာ မတော်တဆထိခိုက်ဒဏ်ရာရခဲ့လို့ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ အဖိုး Jud Crandall နဲ့ စတင်သိကျွမ်းခွင့်ရခဲ့ကာ Louis ကလည်း ဖခင်မေတ္တာငတ်နေသူ ဖြစ်တဲ့အတွက် Jud Crandall နဲ့ မထင်မှတ်ထားတဲ့ အချိန်အတွင်း သိပ်ကို ရင်းနှီးသွားခဲ့ကြပါတယ်။ Jud Crandall ရဲ့ မိတ်ဆက်ပေးမှုနဲ့ပဲ အိမ်အနောက်ဘက် သစ်တောထဲမှာ ထူးထူးခြားခြားရှိနေတဲ့ တိရိစ္တာန်သင်္ချိုင်းအကြောင်း Louis တို့ သိခွင့်ရရှိခဲ့တာပါ။

တစ်ရက် Rachel နဲ့ ကလေးတွေအပြင်သွားရင်း အိမ်ရဲ့အချစ်တော်ကြောင်လေး Church ဟာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်။ Church ရဲ့ရုပ်အလောင်းကို Jud Crandall ရဲ့ အားပေးမှုကြောင့် သစ်တောထဲက တိရိစ္ဆာန်သင်္ချိုင်းမှာ သွားမြှုပ်နှံခဲ့ပါတယ်။ တကယ်တော့သင်္ချိုင်းဟာ ရှေးတုန်းက အင်ဒီယန်းလူမျိုးတွေ စီရင်အသုံးပြုခဲ့တဲ့ သင်္ချိုင်းတစ်ခုပါ။ နောက်နေ့မနက်ရောက်တဲ့အခါမှာတော့ မနေ့တုန်းက အသက်ဆုံးရှုံးသွားခဲ့တဲ့ ကြောင်လေး Church ဟာ အိမ်ကို အသက်ရှင်လျက်ပြန်ရောက်နေတာကြောင့် Louis တစ်ယောက် မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။

READ
နေတိုးနဲ့အတူ ကြော်ငြာရိုက်ကူးနေတဲ့ပုံတွေ မျှဝေလိုက်တဲ့ ပရိသတ်အချစ်တော် ဖွေးဖွေး
Paramount Pictures

မယုံကြည်နိုင်စရာအဖြစ်အပျက်မျိုးနဲ့ စိတ်ရှုပ်ထွေးနေတုန်း Louis နဲ့ Rachel တို့ရဲ့ ၂ နှစ်အရွယ် သားငယ်လေး Gage ဟာ အန္တရာယ်များလှတဲ့ ဟိုင်းဝေးလမ်းမပေါ် ပြေးထွက်ခဲ့ရင်း ကားတိုက်မိပြီး အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ ဖခင်တစ်ယောက်ရဲ့ အချစ်စိတ်နဲ့ ယူကြုံးမရဖြစ်နေတဲ့ အခြေအနေကြားထဲ သေသွားသူကို အသက်ပြန်သွင်းနိုင်တဲ့ နည်းလမ်းကိုလည်း ကြောင်လေး Church ကြောင့်နဲ့ ကိုယ်တွေ့ကြုံတွေ့ဖူးတာဆိုတော့ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Paramount Pictures
Paramount Pictures

ရုပ်ရှင် trailer မှာ သုံးထားတဲ့ အသံတွေ၊ သစ်တောအုံ့အုံ့ဆိုင်းဆိုင်းတွေနဲ့ တိရိစ္ဆာန်မျက်နှာဖုံးတပ်ထားတဲ့ ကလေးတွေ သင်္ချိုင်းမြေအနား လှည့်ပတ်သွားလာနေတာတွေနဲ့ နောက်ဆုံး အရင်တုန်းက ကြောင်လေး Church နဲ့ သေရွာကပြန်ရောက်လာတဲ့ Church တို့ရဲ့ မျက်နှာထားတွေကိုပါ ကွဲပြားအောင် ရိုက်ပြထားတာမို့ jump scare တွေလို ဝုန်းခနဲဒိုင်းခနဲ ရုတ်တရက်ကြောကလန့်ပြီး ချက်ချင်းပြန်ပြေသွားစေမယ့် ကြောက်ခြင်းမျိုးမဟုတ်ပါဘူး။ ၂ မိနစ်စာ trailer လေးကိုမှ ကြည့်ရင်းကြည့်ရင်း စိတ်ထဲတစိမ့်စိမ့်တွေ့ပြီး ကြောက်စေမယ့် ပုံစံမျိုးပဲဖြစ်ပါတယ်။

Paramount Pictures
Paramount Pictures

ဝတ္ထုစာအုပ်နဲ့ရော ၁၉၈၉ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ရုပ်ရှင်နဲ့ရော ဇာတ်လမ်းအနည်းငယ်ကွဲပြားမှုရှိပေမယ့် အခုထွက်ရှိမယ့် ရုပ်ရှင်ဟာ ရှေ့ ၂ ခုလုံးထက် ပိုကြောက်စရာကောင်းပြီး ပိုနက်နဲတယ်လို့ SXSW ရုပ်ရှင်ပွဲတော်မှာ ကြည့်ပြီးသွားကြတဲ့ ပရိတ်သတ်တွေက ထင်ကြေးပေးနေကြပါတယ်။ ထွက်ရှိဖို့ တစ်လတောင်မလိုတော့တဲ့အတွက် Pet Sematary ရုပ်ရှင်လေးကို စောင့်မျှော်ရင်း official trailer လေးကို ကြည့်ပြီး အကြိုရင်ခုန်လိုက်ကြပါဦး။

Source: Daily Mail

Penny

 

SHARE