အမေဇုန်မိုးသစ်တောထဲမှာ တွေ့ရတဲ့ ပင့်ကူသဏ္ဍာန်တူ ခွေးခေါင်းနဲ့ သတ္တ၀ါဆန်း

သဘာဝကြီးဟာ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အခုတစ်ခါမှာလည်း သဘာဝသိပ္ပံပညာရှင် အန်ဒရီယာကေးဟာ ဇူလိုင်လ (၂၀၁၇) ခုနှစ်မှာ အီကွေဒေါနိုင်ငံရဲ့ အမေဇုန်မိုးသစ်တောထဲကနေ ထူးခြားတဲ့ သတ္တ၀ါတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ ၄င်းသတ္တ၀ါကို အန်ဒရီယာဟာ ကိုယ်တိုင်ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

၎င်းသတ္တ၀ါကို ပင့်ကူလို့ထင်ရပေမယ့် တကယ်တော့ ပင့်ကူမဟုတ်ပဲ arachnid ကျောရိုးမဲ့အနွယ်ဝင် သတ္တ၀ါတစ်ကောင်သာဖြစ်ပါတယ်။ အရွယ်အစားက လက်သည်းခွံသာသာရယ်ပါ။ သူ့ကိုကြည့်လိုက်အခါ ကိုယ်လုံးပေါ်မှာ အနက်ရောင် ၀ံပုလွေခေါင်းသေးသေးလေး တစ်လုံးကို တင်ထားသလိုပါပဲ။ ၄င်းသတ္တ၀ါကို bunny harvestman (Metagryne bicolumnata) လို့ခေါ်ပြီး daddy longlegs လို့လည်း လူတွေ သိကြပါတယ်။

၎င်းသတ္တ၀ါတွေဟာ harvestmen မျိုးစိတ်ပေါင်း (၆,၆၅၀) ရှိတဲ့အနက်မှ မျိုးစိတ်တစ်ခုသာဖြစ်ပါတယ်။ အဆိပ်ဂလင်းမပါရှိတာကြောင့် အန္တရာယ်ရှိတဲ့ သတ္တ၀ါတွေလည်း မဟုတ်ပြန်ပါဘူး။ harvestmen မျိုးစိတ်တွေဟာ ကမ္ဘာမြေပေါ်မှာ တည်ရှိလာခဲ့တာ အနည်းဆုံးနှစ်သန်းပေါင်း (၄၀၀) ရှိနေပြီဖြစ်ပြီး ဒိုင်နိုဆောတွေ မတိုင်ခင်ကတောင် တည်ရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

READ
သင်မသိလောက်သေးတဲ့ အစ္စရေးနိုင်ငံရဲ့ ထူးခြားတဲ့အချက် (၇) ချက်

အခုတွေ့ရတဲ့ ခွေးခေါင်းသဏ္ဍာန်တူ သတ္တ၀ါကိုတော့ (၁၉၅၉) ခုနှစ်မှာ ဂျာမန်ပညာရှင် Carl Friedrich Roewer ဆိုသူက ဦးဆုံးရှာဖွေတွေ့ရှိခဲ့တာပါ။ အောက်မှာတော့ Carl ရေးဆွဲထားခဲ့တဲ့ ၄င်းသတ္တ၀ါလေးရဲ့ ရုပ်ပုံကြမ်းကို တွေ့ရမှာ ဖြစ်ပါတယ်။

၎င်းသတ္တ၀ါရဲ့ ခွေးခေါင်းသဏ္ဍာန်ကိုယ်လုံးမှာ မျက်လုံးလို့ ယူဆနိုင်ဖွယ် အ၀ါရောင်တောက်တောက် အစက်ကလေး နှစ်စက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုအ၀ါလေးတွေက မျက်လုံးမဟုတ်ပါဘူး။ မျက်လုံးတွေကတော့ ပုံမှာ တွေ့ရတဲ့အတိုင်း အောက်ဘက်ခပ်ကျကျနေရာလေးမှာ ရှိပါတယ်။ Bunny harvestman ကို လွန်ခဲ့တဲ့ နှစ်(၆၀) နီးပါးက တွေ့ရှိခဲ့ရာကနေ ၄င်းနဲ့ ပတ်သက်လို့ သုတေသနမှတ်တမ်း အနည်းအကျဉ်းသာ ရှိခဲ့ပြီး အခုမှ ပြန်တွေ့ရတာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: businessinsider, iflscience

SHARE